ရခိုင်ပြည်နယ်မှာ လူမျိုးတုံးရှင်းလင်းမှု ဖြစ်ပွားခဲ့တယ်လို့ အမေရိကန်ဝန်ကြီး ပြောကြား
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ရက် တီလာဆန်က ရရှိခဲ့တဲ့ သက်သေ အထောက်အထား တွေကို အသေအချာ လေ့လာဆန်းစစ်ပြီးနောက် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေအပေါ် လူမျိုး တုံးရှင်းလင်းမှုတွေ ဖြစ်ပွားခဲ့တာ ထင်ရှားတယ်လို့ ဒီကနေ့ နိုဝင်္ဘာလ ၂၂ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန် လိုက်ပါတယ်။ရခိုင် ရိုဟင်ဂျာကယ်တင်ရေးတပ်ဖွဲ့ ARSA ရဲ့ တိုက်ခိုက်မှုတွေကို အမေရိကန်ပြည်ထောင်စုက ရှုတ်ချ ကြောင်း ဒါပေမဲ့ အဲဒီလိုရန်စကျူးကျော်မှုအတွက် နောက်ဆက်တွဲပေါ်ပေါက်ခဲ့တဲ့ အင်မတန်ထိတ်လန့်ဖွယ် ကြမ်းကြုတ်မှုတွေကို လိုအပ်လို့ လုပ်ရပါတယ်ဆိုပြီး အကြောင်းပြလို့မရကြောင်း၊ အဲဒီပြစ်မှုတွေကို မြန်မာ့ တပ် မတော်နဲ့ လုံခြုံ ရေးတပ်ဖွဲ့တွေအပြင် ဒေသခံ ကာကွယ်ရေးသမားတွေက ကျူးလွန်ခဲ့ကြတာဖြစ်ပြီး အကျိုးဆက်အဖြစ် ဆင်းရဲဒုက္ခ ဆိုးဝါးစွာခံစားရတဲ့ ယောင်္ကျား မိန်းမနဲ့ ကလေးသူငယ် ထောင်သောင်းများ စွာဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက် ပြေးခဲ့ရကြောင်းလည်း ဝန်ကြီး ရက်စ်တီလာဆန် ကပြောပါတယ်။
အဲဒီ ကြမ်းကြုတ်ရက်စက်မှုတွေနဲ့ ပတ်သက်ပြီး ကျူးလွန်ခဲ့သူတွေကို အရေးယူရမှာဖြစ်ကြောင်း၊ အဲဒီလို အရေးယူရေးအတွက် ဖြစ်ပွားရာဒေသကို သွားရောက်ပြီး အထောက်အကူဖြစ်စေမယ့် အချက်အလက် တွေကို ယုံကြည်စိတ်ချရပြီး လွတ်လပ်တဲ့ စုံစမ်းမှုပြုလုပ်ဖို့ အမေရိကန်ပြည်ထောင်စုကဆက်လက်ထောက် ခံကြောင်းလည်း သူကပြောပါတယ်။
ဒါ့အပြင် ကုလသမဂ္ဂအထွေထွေညီလာခံ လူ့အခွင့်အရေးကော်မတီက ထုတ်ပြန်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ ကြေ ညာ ချက်ကို အမေရိကန်ပြည်ထောင်စုက ထောက်ခံကြောင်းနဲ့ ပစ်မှတ်ထားပိတ်ဆို့မှုအပါအဝင် အရေး ယူမှုတွေကို မိမိတို့နိုင်ငံရဲ့ တည်ဆဲဥပဒေတွေနဲ့အညီ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။
တဆက်တည်းမှာပဲ နေရပ်စွန့်ခွာထွက်ပြေးရသူတွေအားလုံး သူတို့ဆန္ဒနဲ့အညီ မူလ နေထိုင်ရာအိုးအိမ်တွေ မှာ လုံခြုံစွာပြန်လည်နေထိုင်ရေးအတွက် မြန်မာအစိုးရက ဆောင်ရွက်ဖို့ ကတိပြုခဲ့တာကို အမေရိကန်ပြည် ထောင်စုက ထောက်ခံကြောင်းနဲ့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အကြား ပူးပေါင်းဖလှယ်ဆောင်ရွက်နေမှုတွေကို ကြိုဆိုကြောင်းလည်း တီလာဆန်က ပြောပါတယ်။
နောက်ဆုံးအချက်အဖြစ် ဒီအရေးကို အစိုးရက အောင်မြင်စွာ ဖြေရှင်းနိုင်ရေးအတွက် မြန်မာ့တပ်မတော်ရဲ့ ပါဝင်ကူညီရေးဟာ အဓိက လိုအပ်ချက်ဖြစ်ကြောင်း၊ လက်ရှိအခြေအနေဟာ အင်မတန်ခက်ခဲပြီး နက်ရှိုင်း ရှုပ်ထွေးနေတဲ့ အခြေအနေဖြစ်ကြောင်းနဲ့ သက်ဆိုင်သူတွေအားလုံး အတူတကွ ပူးပေါင်းလုပ်ဆောင်ကြ မှသာ တိုးတက်မှုရရှိမှာဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ရက်စ် တီလာဆန်ရဲ့ နိုဝင်္ဘာလ ၂၂ ရက် နေ့စွဲနဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။
အခုလို နိုင်ငံခြားရေးဌာနက အခုလို သတ်မှတ်ကြေညာခဲ့တာနဲ့ ပတ်သက်ပြီး အမေရိကန်အောက် လွှတ် တော် နိုင်ငံခြားရေးရာကော်မတီ ဥက္ကဌ Ed Royce က ကြိုဆိုကြောင်းနဲ့ အခုအချိန်ဟာ အဲဒီ ရက်စက်စွာ သတ်ဖြတ်မှုတွေကို ကျူးလွန်ခဲ့တဲ့ မြန်မာ့တပ်မတော်က ခေါင်းဆောင်တွေကို အမေရိကန်ပြည်ထောင်စုက ပိတ်ဆို့အရေးယူသင့်ပြီဖြစ်ကြောင်း မနေ့ကနေ့လည်ပိုင်းမှာ ထုတ်ဖေါ်ပြောကြားပါတယ်။
Link : Here
No comments:
Post a Comment