" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, August 11, 2019

ဘူးသီးတောင်မြို့နယ်ကျောက်ရန်ရွာမှ အုပ်ချုပ်ရေးမှူး အပါအဝင် ရွာသား ၈ဦး ဖမ်းဆီးခေါ်ဆောင်ခံရဟုဆို

နိရဉ္စရာ
ခိုင်လူလှ( ရိုးမမြေ)
နိရဉ္စရာ၊ သြဂုတ် ၁၁/ ၂ဝ၁၉

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ကျောက်ရန်ရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အမျိုးသမီးနှစ်ဦး အပါ အဝင် ရွာသား ၈ ဦးကို စစ်တပ်က ယနေ့ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သတင်းရရှိသည်။

ထိုသို့ ခေါ်ဆောင်သွားခြင်းကို ဘူးသီးတောင်မြို့နယ် အမှတ် (၂) မဲဆန္ဒနယ် ပြည်နယ် လွှတ်တော်ကိုယ်စား လှယ် ဦးထွန်းအောင်သိန်းက အတည်ပြု ပြောကြားသည်။

“ ကျွန်တော်ကို ရွာသားတွေ သတင်းပေးပို့တာ က စုစုပေါင်း ၈ ဦးလို့ သိရပါတယ်။ ဒီအထဲမှာ ကျေးရွာအုပ် ချုပ်ရေးမှူး ဦးစံမောင်ရယ်။ ကျောင်းဆရာတစ်ဦးနဲ့ အမျိုးသမီး ၂ ဦး ပါဝင်တယ်လို့ သိရပါတယ်” ဟု ၎င်းက ပြောကြားသည်။

ဖမ်းဆီးခေါ်ဆောင်ခြင်း ခံရသူ ၈ ဦးမှာ ကျောက်ရန် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစံမောင်၊ ဦးကျော်နိုင်ထွန်း (ကျောင်းဆရာ)၊ ဦးကျော်သူစိုး၊ ဦးလှမောင်ဦး၊ ဦးထွန်းလှ၊ ဒေါ်မဲမ၊ ဒေါ်ဖြူဖြူ၊ မောင်ထွန်းစိန် (သရက်ပြင်) တို့ ဖြစ်ကြသည်ဟု သိရသည်။

“ ဒီအဖမ်းခံရတဲ့ အထဲမှာ ဒေါ်မဲမက ဦးထွန်းလှရဲ့ ဇနီးဖြစ်ပါတယ်။ ဒေါ်ဖြူဖြူကတော့ သူမရဲ့ လင်ဖြစ်သူ ခင်မောင်ဇော် မရှိတဲ့ အတွက် သူမကို ခေါ်သွားတာ ဖြစ်ပါတယ်။ နောက်တစ်ဦးက မောင်ထွန်းစိန်၊ သူက သရက်ပြင်ကနေ နွားဝယ်ဖို့ ရောက်နေတဲ့သူလို့ သိရပါတယ်” ဟု ဦးထွန်းအောင်သိန်းက ပြောကြားသည်။

သူတို့ ၈ ဦးစလုံးကို ယနေ့ နေ့လယ်က ဘူးသီးတောင် အခြေစိုက် အမှတ် (၅၅၁) တပ်ရင်းသို့ ခေါ်ဆောင် သွားသည်ဟု သိရသည်။

တစ်ခြားအနီးအနားရှိ ကျေးရွာတစ်ခုမှ ဒေသခံ တစ်ဦးကလည်း စုစုပေါင်း ရွာသား ၁၃ ဦး၊ ထိုအထဲတွင် ကူးတို့သည် တစ်ဦးပါဝင်ပြီး တစ်ခြား မူဆလင်ကျေးရွာက ရာအိမ်မှူး ၂ ယောက်ကိုလည်း ဖမ်းဆီးခေါ်ေ ဆာင်သွားသည်ဟု သတင်းရရှိကြောင်း ပြောကြာသည်။

သို့သော် ၎င်းအရေအတွက်နှင့် ပတ်သက်ပြီး နိရဉ္စရာအနေဖြင့် အတည်ပြုနိုင်ခြင်း မရှိသေးပါ။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦး အား ယနေ့ ညနေ ၇ နာရီခန့်က ဆက်သွယ်ရာ ဖုန်းလက်ခံဖြေဆိုခြင်း မရှိသေးပါ။

လင့်၊https://burmese.narinjara.com/news/detail/5d50185da337d1043aa0b4ed?fbclid=IwAR3uRDfyPb_fGScN-zkIsFxr47yPFl5S7v1LpBsIKc8MbUEuRJxZjd_QU7c

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */