" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, August 4, 2019

တပ်မတော်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ရခိုင်တိုင်းရင်း သားဗိုလ်မှူး AA အဖွဲ့ကိုရောက်

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-08-03
AA အဖွဲ့ကို ဝင်ရောက်သွားတဲ့ တပ်မတော်က ဗိုလ်မှူး အောင်မြင့်စိုး ကို တွေ့ရစဉ်

Photo: Arakan Army


ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်အတွက် ရက္ခိုင့်တပ်တော်ကို ဝင်လာတာလို့ဆိုသူ ဗိုလ်မှူး အောင်မြင့်စိုးဟာ စစ်တက္ကသိုလ် ဗိုလ်လောင်းအမှတ်စဉ် ၄၇ ကျောင်းဆင်းဖြစ်ပြီး သူ့ရဲ့ ကိုယ်ပိုင်အမှတ်က ကြည်း ၄၀၇၉၉ ဖြစ်တယ်လို့ ပြောပါတယ်။

ဗိုလ်မှူး အောင်မြင့်စိုးဆိုသူဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က သာသနာ့ဘောင်ကို ဝင်မယ်အကြောင်းပြပြီး တပ်က ခွင့်မဲ့ထွက်သွားတာဖြစ်ကြောင်းနဲ့ ကျောက်ဖြူ ဇာတိဖြစ်တယ်လို့ သိရကြောင်း တပ်မတော် သတင်းမှန်ပြန် ကြားရေး အဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

တပ်မတော်မှာ ၁၇ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့တယ်ဆိုတဲ့ ပြောကြားချက်နဲ့ ပတ်သက်လို့တော့ အတည်မပြု နိုင်သေးဘူးလို့ ဆိုပါတယ်။

တပ်မတော်အနေနဲ့ ရသေ့တောင်၊ မင်းပြား၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်နဲ့ မြောက်ဦးမြို့နယ်တွေ က ကျေးရွာတွေမှာ ရွာသားတွေကို ဖမ်းဆီးတာ၊ AA အဖွဲ့ဝင်လို့စွပ်စွဲပြီး ထောင်ချတာ၊ ရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်တာ၊ မီးရှို့တာ၊ ရွာသားတွေကို လမ်းပြအဖြစ်ခေါ်ဆောင်ပြီး မီးရှို့သတ်ခဲ့တာစတဲ့ စစ်ရာဇဝတ်မှုတွေကျူးလွန်ခဲ့တယ်လို့ ဗိုလ်မှူး အောင်မြင့်စိုးက စွပ်စွဲပြောဆိုထားပါတယ်။

"ရွာသားများအား လမ်းပြအဖြစ်ခေါ်ဆောင်ပြီး လူသားဒိုင်းကာအဖြစ်အသုံးပြုတယ်။ အမျက်တောင်ကျေးရွာနဲ့ နွားရုံတောင်ကျေးရွာတွေမီးရှို့ခံရတယ်။ ရွာသားတွေကို လမ်းပြအဖြစ်ခေါ်သွားတယ်။ ခေါ်သွားတဲ့ ခရီးနေရာကို ရောက်တဲ့အခါ မီးရှို့သတ်ခဲ့တာရှိပါတယ်"

ဒါ့အပြင် တပ်မတေ်ာအနေနဲ့ မြောက်ဦးမြို့က သမိုင်းဝင်စေတီပုထိုးတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခဲ့တာ တွေရှိတယ်လို့ ပြောထားပါတယ်။

ဒီလိုစွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကအခုလို တုံ့ပြန်ပါတယ်။

"အရပ်သားတွေနဲ့ ပတ်သက်လို့ ဖမ်းဆီးမှုတွေရှိရင် ကျနော်တို့ အမြဲတမ်း သတင်းထုတ်ပြန်ပါတယ်။ ဘာ ကြောင့် ဖမ်းဆီးတယ်၊ ထိန်းသိမ်းတယ်ဆိုလည်း ဘာကြောင့် ထိန်းသိမ်းတယ်၊ သေဆုံးမှုရှိတယ် ဆိုရင်လည်း အေအေ သံသယရှိတဲ့သူတွေကြောင့်ပဲဖြစ်ဖြစ် တခြားအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် ထုတ်ပြန်ပါတယ်။ ရခိုင်မှာ ပဋိပက္ခ ဖြစ်တာတွေ သဘာဝဘေးတွေတိုင်း တပ်မတော်ကပဲ ကူညီတယ်ဆိုတာ တစ်မျိုးသားလုံး သိပါတယ်။ ဘူးသီးတောင်၊ မောင်တော ကိစ္စမှာလည်း တပ်မတော်အနေနဲ့က ဒေသခံပြည်သူများအတွက် ဆောင်ရွက်ခဲ့တယ်ဆိုတာ ဘူးသီးတောင်၊ မောင်တောက တိုင်းရင်းသားတွေ ပိုပြီးတော့ သိပါမယ်"

ဗိုလ်မှူး အောင်မြင့်စိုးဆိုသူက အစိုးရတပ်မတော်အတွင်းမှာရှိတဲ့ ရခိုင်တိုင်းရင်းသားတွေအနေနဲ့ ရက္ခိုင့် တပ်တော် AA နဲ့ လာရောက်ပူးပေါင်းဖို့လိုတယ်လို့လည်း တိုက်တွန်းပြောထားပါသေးတယ်။

တပ်မတော်မှာ တာဝန်ထမ်းဆောင်နေကြတဲ့ တိုင်းရင်းသားတွေထဲမှာ ရခိုင်တိုင်းရင်းသားတွေက အများစု ဖြစ် တယ်လို့ တပ်မတော်ဘက်က ပြောပါတယ်။ လက်ရှိအချိန်မှာလည်း တိုင်းမှူးအဆင့်ရှိသူတွေ၊ ဗိုလ်ချုပ် အဆင့်ရှိသူ ရခိုင်တိုင်းရင်းသားတွေရှိတယ်လို့ ဆိုပါတယ်။

ဒီတိုက်တွန်းချက်တွေကြောင့် တပ်မတော်အတွင်းက ရခိုင်တိုင်းရင်းသားတွေကြား ဘယ်လိုအခြေအနေတွေ ရှိနိုင်ပါသလဲ။

ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က အခုလို သုံးသပ်ပါတယ်။

"လက်နက်ကိုင် ပဋိပက္ခမှာတော့ သူ့ဘက် ကိုယ့်ဘက်ပေါ့။ ကိုယ်နဲ့ ယှဉ်ပြိုင်တိုက်ခိုက်နေတဲ့ဘက်ကနေ ကိုယ့်ဘက်ကို ဘက်ပြောင်းလာရင် ကိုယ့်အကျိုးစီးပွားအတွက် အသုံးချတာပေါ့နော်။ အဲမှာပါတဲ့ အရာရှိဆို သူကခြေ လျင်စစ်တပ်က မဟုတ်ဘူး။ သံချပ်ကာတပ်ကဆိုတော့ သူဘက်ပြောင်းသွားခြင်းက အမျိုးသားရေး အတွက်လည်း ဟုတ်ချင်လည်းဟုတ်မယ်။ တခြားအကြောင်းကြောင့် ဘက်ပြောင်းသွားပြီး ဒီအခွေအ တွက် ဝါဒဖြန့်ချင်လို့ ပြောတာ ဖြစ်ကောင်းဖြစ်မယ်။ သို့သော် ရခိုင်တိုင်းရင်းသားအများစုက ပြည်ထောင်စု အပေါ် သစ္စာရှိပြီးတိုက် ပွဲဝင်ခဲ့တယ်။ ဗိုလ်ချုပ် စောဖြူ ဆိုလေတပ်မှာ အမြင့်ဆုံးအရာရှိအထိ တာဝန်ထမ်း ဆောင်ခဲ့တာတွေရှိတယ်။ ဒါကြောင့်မို့ စောစောက အရာရှိလိုလူတွေ အနည်းငယ်ရှိကောင်းရှိနိုင်မယ်။ ပြည်ထောင်စုတပ်မတော်မှာ တာဝန်ထမ်း နေတဲ့ တိုင်းရင်းသား အများစုအတွက်ကတော့ ပြဿနာမရှိဘူးလို့ ကျနော်မြင်တယ်"

ဒီလိုသတင်းထုတ်ပြန်တာနဲ့ ပတ်သက်လို့ ရက္ခိုင့်တပ်တော် AA ရဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကို RFA က ဖုန်းနဲ့ အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားမှု မရှိပါဘူးရှင်။

(RFA သတင်းထောက် မဝေမာထွန်း တင်ပြသည်)

 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */