ဆောင်းဇာခြည်
နိရဉ္စရာ၊ ဇွန် ၈∕၂၀၁၉
ဘူးသီးတောင်မြို့ခံလည်းဖြစ်၊ ရခိုင်လူငယ်ညီလာခံမူဝါဒဖော်ဆောင်ရေးအဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည့် ကိုမင်းသိဏ်းဇံသည် ဇွန်လ ၈ ရက် ယနေ့ နံနက် ၈ နာရီမှစ၍ ၉ နာရီအချိန်ထိ ဘူးသီးတောင်မြို့ကို လှည့် လည်ကာ တစ်ကိုယ်တော်ဆန္ဒပြကြွေးကြော်တောင်းဆိုခဲ့ခြင်းဖြစ်သည်။
တောင်းဆိုချက်များတွင် ရခိုင်ပြည်နယ်၏ နိုင်ငံရေးပြဿနာများကို စစ်ရေးနည်းဖြင့် အဖြေမရှာဘဲ နှစ်ဖက် တွေ့ဆုံစေ့စပ်ညှိနှိုင်းဆွေးနွေးခြင်းဖြင့် အဖြေရှာကြရန်၊ တိုက်ပွဲကာလ အတွင်း လူ့အခွင့်အရေးချိုးဖောက် နေမှု များအား ရပ်တန့်ပေးပြီး ချိုးဖောက်သူများကို တရားဥပဒေအရ ပြတ်သားစွာ အရေးယူဆောင်ရွက်ရန်၊ တိုက်ပွဲရှောင်ဒုက္ခ သည်များ မူလနေရပ်ပြန်လည်သွားရောက်နေထိုင်နိုင်ရေးနှင့် ဆုံးရှုံးနစ်နာမှုများကို မူလ အတိုင်းပြန်လည်ပေးအပ်ရန် ပြည်ထောင်စုနှင့် ပြည်နယ်အစိုးရမှ တာဝန်ယူဆောင်ရွက်ပေးရန်စ သည့်အ ချက် များအပါအဝင် အချက် ၇ ချက်ကို ထည့်သွင်းတောင်းဆိုခဲ့ကြောင်း သိရသည်။
“ကျွန်တော်ကတော့ ဒီစစ်ဘေးရှောင်တွေအတွက် အချက်နည်းနည်းနဲ့ ဒီစစ်တွေမှာ ဖမ်းဆီးခံထားရတဲ့ ရဲ ကျော်သူအပါအဝင် လူငယ် ၄ ယောက်ကို ပြန်လွှတ်ပေးဖို့ အဲဒါတွေတောင်းဆိုတာပါ။ အစိုးရအနေနဲ့လည်း တစ်စုံတစ်ခုဖြစ်ဖြစ် စဉ်းစားဆုံးဖြတ်ဆောင်ရွက်ပေးသွားမယ်လို့ ထင်ပါတယ်။” ဟု တစ်ကိုယ်တော် ဆန္ဒပြ တောင်းဆိုသူ ကိုမင်းသိဏ်းဇံက နိဉ္စရာသတင်းဌာနသို့ ပြောသည်။
ရခိုင်ပြည်နယ် မြို့နယ် ၆ ခုတွင် တိုက်ပွဲများဖြစ်ပွားနေမှုကြောင့် စစ်ဘေးဒုက္ခသည် ၄ သောင်းကျော်အထိ ရှိလာနေပြီး ၎င်းတို့အတွက် လုံလောက်သည့် ထောက်ပံ့ကူညီမှုမျိုးကို အစိုးရက ဆောင်ရွက် ပေးခြင်းမရှိ သေး ဟုလည်း ၎င်းက ဆိုသည်။
ပြန်လွှတ်ပေးရန်တောင်းဆိုခံခဲ့ရသည့် လူငယ် ၄ ဦးမှာ ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်းက စစ်တွေမြို့ တွင် စရဖတပ်ဖွဲ့ဝင် ကိုဖိုးလုံး သေနတ်ဖြင့် လုပ်ကြံခံခဲ့ရမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး အမှုရင်ဆိုင်နေရ သူများ ဖြစ်ကြသည်။
ယနေ့ပြုလုပ်ခဲ့သည့် တစ်ကိုယ်တော်ဆန္ဒပြတောင်းဆိုခြင်းကို ဒေသအာဏာပိုင်များထံ တရားဝင်ခွင့်ပြုချက် တင်၍ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟုလည်း သိရသည်။
No comments:
Post a Comment