Friday, May 3, 2019

ကျောက်တန်းရွာပစ်ခတ်မှု- အေအေ သံသယနဲ့ ဖမ်းထားသူတွေ အုံကြွလာလို့ ပစ်ခတ်ခဲ့ရတယ် ဆိုပြီး အစိုးရတပ်ပြော


B B C 
ဘီဘီစီ မြန်မာပိုင်း
03 May 2019
 ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ထဲ ရခိုင်လက်နက်ကိုင် အေအေအဖွဲ့နဲ့ ဆက်စပ်နေလား ဆိုတဲ့ သံသ ယနဲ့ အစိုးရတပ်ရဲ့ ဖမ်းဆီး စစ်ဆေးတာ ခံနေရတဲ့ လူ ၂၇ဝ ကျော် ထဲက ၆ ဦး သေနတ်နဲ့ ပစ်ခတ် ခံရပြီး သေ ဆုံး သွားပါတယ်။


ဧပြီ ၃ဝ ရက် နေ့ကတည်းက ဖမ်းဆီး စစ်ဆေးတာတွေ ပြုလုပ် နေခဲ့တာ ဖြစ်ပြီး မေလ ၁ ရက် ည သန်းခေါင်း ကျော် အချိန် ၂ နာရီ ဝန်းကျင်မှာ အဲဒီ လူ ၂၇၅ ယောက်ကို ထိန်းသိမ်းထားတဲ့ ကျောက်တန်းရွာ၊ အစိုးရ စာသင်ကျောင်းဝင်းထဲ ပစ်ခတ်မှု ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။

ပစ်ခတ်ထိန်းသိမ်းရလောက်တဲ့ အထိ လုံခြုံရေး စိုးရိမ်မှုတွေ ပေါ်ပေါက်လာတဲ့ အတွက် လုံခြုံရေး ကင်းအဖွဲ့ တွေက သေနတ်နဲ့ပစ် ဟန့်တားခဲ့ရတာ ဖြစ်တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြား ရေး အဖွဲ့က ထုတ်ပြန် ပါတယ်။

ဒဏ်ရာရသူ ၈ ဦးလည်း ရှိတယ်လို့လည်း ဆိုပါတယ်။

သန်းခေါင်ယံကျော် ပစ်ခတ်မှု

လူတွေ ရာနဲ့ချီ တစ်နေရာထဲ ထိန်းသိမ်းထားတဲ့ ကျောက်တန်းရွာ ကျောင်းဝင်းထဲ သန်းခေါင်ယံကျော် အချိန် မှာ အုံကြွမှု ဖြစ်လာခဲ့တယ်လို့ အစိုးရ စစ်တပ်ဘက်က ပြောပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ လက်နက်တွေကို ဝင်လုတဲ့အတွက် မဖြစ်မနေ ပစ်ခတ်ခဲ့ရတာ ဖြစ်ပြီး၊ အင်အား ကို ထိန်းသိမ်း လုပ်ဆောင်ခဲ့တယ်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။
လူ ၂၇၅ ယောက်ကို အဲဒီ နေရာမှာ အေအေနဲ့ ဆက်စပ်သံသယကြောင့် ဖမ်းဆီး စစ်ဆေးနေတာဟုတ်မှန်ကြောင်း တပ်မတော်က အတည်ပြု ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။

ဖမ်းဆီးရမိထားသူတွေ အရေအတွက် များပြားတာကြောင့် ကျောက်တန်းရွာ စာသင်ကျောင်း ဝင်းထဲမှာပဲ ထိန်းသိမ်းထားပြီး ရဲတပ်ဖွဲ့က လိုအပ်တဲ့ ပဏာမ စစ်ဆေးတာမျိုးတွေကို လုပ်ဆောင် နေချိန် တပ်မတော်က လုံခြုံရေး တာဝန် ယူပေးထားတာ ဖြစ်တယ်လို့ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ဆိုပါတယ်။ 
 
ဘာတွေဖြစ်ပျက်ခဲ့လဲ

အစိုးရကျောင်းဝင်းထဲ လူတွေ ၂၅ဝ ကျော် ထိန်းသိမ်းပြီး စစ်ဆေးတာ ၂ ရက် အကြာမှာ ပစ်ခတ်မှု ပေါ် ပေါက်လာတာ ဖြစ်ပါတယ်။

ဖမ်းဆီးမိထားသူတွေဟာ ကျောက်တန်း ရွာခံတွေမဟုတ်ကြဘူးလို့ အစိုးရစစ်တပ်ဘက်က ပြောဆိုမှု ရှိပေမယ့် ကျောက်တန်း ရွာခံတွေကတော့ သူတို့ရွာသားတွေ ဖမ်းခံထားရတာ ဖြစ်ပြီး၊ သေဆုံးသွားသူတွေ ဟာ လည်း ကျောက်တန်းရွာသားတွေပဲလို့ ဘီဘီစီကို ပြောပါတယ်။

အဲဒီဝင်းထဲကို ဝင်ခွင့် ထွက်ခွင့် မရှိပေမယ့်၊ ကျောင်းဝင်း စည်းရိုး တစ်ဘက်တစ်ချက်ကနေ အပြန်အလှန် စကားပြောတာမျိုးတွေ ရှိခဲ့တယ်လို့ ရွာခံတချို့က ပြောပါတယ်။

တနေကုန် နေလှန်းစစ်တာ၊ သေနတ်ဒင်တွေနဲ့ ထုတာတွေ ပြုလုပ်ပြီး စစ်ခဲ့ကြတာလို့ ပြောဆိုသူတွေ ရှိပါ တယ်။

အခင်းဖြစ်တဲ့ ညကတော့ လူတွေ အုံကြွ အော်ဟစ်လာကြပြီး အစုလိုက်ထွက်ပြေးတာ၊ လုံခြုံရေး ကင်းအ ဖွဲ့တွေကို ရန်ပြုမယ့် ပုံစံမျိုး ဝိုင်းလာတာတွေ ပြုလုပ်လာတယ်လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့က ထုတ်ပြန်ပါတယ်။

မိုးပေါ်ထောင် ပစ်ခတ်တာမျိုး သတိပေးခဲ့ပေမယ့် ရပ်မသွားတာကြောင့် လူစုကွဲသွားစေဖို့ ပစ်ခတ်ခဲ့ရ တယ်လို့ ထုတ်ပြန်ချက်ထဲ တွေ့ရပါတယ်။

ဒဏ်ရာရသူတွေကို ပထမ ရသေ့တောင်မြို့နယ် စေတီပြင် တိုက်နယ်ဆေးရုံကို ပို့ဆောင်ခဲ့ပြီး အဲဒီကနေ တဆင့် အမြန်ရေယာဉ်တွေ၊ ဇက်သင်္ဘောတွေနဲ့ စစ်တွေမြို့ ဆေးရုံထိပို့ပြီး ကုသနေရတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

သေဆုံး ၆ ယောက်၊ ဒဏ်ရာရ ၈ ယောက် အပြင် ၄ ယောက် ပျောက်ဆုံးနေတယ်လို့ တပ်မတော်က ထုတ် ပြန် ထားပါတယ်။ 
ကျောက်တန်းရွာ ဖမ်းဆီးမှု ဘယ်ကစလဲ 
 
ဧပြီလနှောင်းပိုင်း ၂၈ ရက်နေ့က ဘူးသီးတောင်မြို့နယ်ထဲက ဖုန်လိပ်ညိုဆိုတဲ့ ရွာနားမှာ အေအေအဖွဲ့ရဲ့ လေ့ကျင့်ရေး စခန်းတစ်ခုကို သိမ်းမိခဲ့တယ်လို့ အစိုးရ စစ်တပ်က ဆိုပါတယ်။

အဲဒီ စခန်းကနေ ဆုတ်သွားကြတဲ့ အေအေ တပ်ဖွဲ့ဝင်တွေဟာ ပတ်ဝန်းကျင် ကျေးရွာတွေမှာ ရွာခံတွေသ ဖွယ် ပုံစံပြောင်း နေကြတယ်ဆိုပြီး အစိုးရတပ်က သံသယ ရှိနေတာ ဖြစ်ပါတယ်။

အဲဒီလို အေအေတွေ ဝင်ရောက် ရောနှောနေနေတယ်ဆိုပြီး အစိုးရတပ်က ယူဆထားတဲ့ ရွာထဲ ကျောက် တန်း ရွာနဲ့ စေတီတောင်ရွာတို့ ပါဝင်ပါတယ်။

ဒါ့ကြောင့် ဧပြီ ၃ဝ နေ့လယ်ပိုင်းမှာတော့ ကျောက်တန်းရွာထဲ ရဲတပ်ဖွဲ့တွေဟာ စစ်တပ်လုံခြုံရေး အကာအ ကွယ်တွေနဲ့ ဝင်ရောက်ပြီး စစ်ဆေးတာတွေ ပြုလုပ်ခဲ့ပါတယ်။

ကျောက်တန်းရွာဟာ အိမ်ခြေ ၆ဝဝ ဝန်းကျင်ရှိတဲ့ ဒေသတွင်း အကြီးဆုံးရွာဖြစ်ပါတယ်။

တစ်အိမ်ဝင်တစ်အိမ်ထွက် စစ်ပြီး လူတွေကို စတင် ဖမ်းဆီးလာတဲ့ အကြောင်း ကျောက်တန်းရွာခံတွေက ပြောပါတယ်။ အသက် ၁ဝ နှစ်ကနေ ၅ဝကြား အမျိုးသားတွေကို အေအေတပ်ဖွဲ့ဝင်တွေလား ဆိုတဲ့ သံသ ယနဲ့ ဖမ်းဆီးတာဖြစ်တယ်လို့လည်း ရွာခံတွေက ပြောပါတယ်။

အဲဒီနောက် ဧပြီ ၁ ရက် ည သန်းခေါင်ကျော် အချိန်မှာတော့ ပစ်ခတ်မှု ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ 

ရွာတွေထဲ အစုလိုက် ဖမ်းဆီးတဲ့ လုပ်ရပ်

ရခိုင်ပြည်နယ်ထဲက အေအေနဲ့ ဖြစ်နေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကို ကိုင်တွယ်ရာမှာ အေအေအ ဖွဲ့ဝင်တွေဟာ ကျေးရွာတွေထဲ ရွာသားတွေအဖြစ် ရောနှော အသွင်ယူတယ်ဆိုပြီး တပ်မတော်က ပြော ဆိုလေ့ ရှိပါတယ်။ ဒါ့ကြောင့် ရွာထဲထိ စစ်ကြောင်းတွေ ဝင်ပြီး စစ်ဆေးတာ၊ ဖမ်းဆီးတာတွေ လုပ်ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဧပြီလ အစောပိုင်းက ပေါ်ပေါက်ခဲ့တဲ့ မြောက်ဦးတိုက်ပွဲမှာလည်း လက္ကာရွာကနေ အေအေသံသယနဲ့ အရပ် ဝတ် အယောက် ၃ဝ နီးပါးကို အစိုးရတပ်က ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ပါတယ်။ လက္ကာရွာကသူတွေ ကတော့ အဲဒီ သူတွေဟာ သူတို့ရွာခံတွေဖြစ်တယ်လို့ ပြောပါတယ်။

ဧပြီ လ ၁ဝ ရက်နေ့ ဖမ်းဆီး ခံရကတည်းက ဘယ်မှာ ထိန်းသိမ်းထားမှန်း မသိရပဲ လုံးဝ အဆက်အသွယ် ပြတ်နေတဲ့ ရွာက မိသားစုဝင်တွေဟာ လက္ကာက ဖမ်းဆီးထားသူတွေထဲက ၃ ယောက် သေဆုံးသွားပြီလို့ သတင်းတွေ ကြားသိရတဲ့ အခါ စစ်တွေကို အပြေးအလွှား လိုက်လာ ခဲ့ကြပါတယ်။ ရခိုင်ပြည်နယ် လွှတ် တော် နဲ့ အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး ဖမ်းဆီး ခံထားရသူတွေ ဘယ်မှာ ရှိကြောင်း စုံစမ်းပေးဖို့ အကူအညီတွေ တောင်းခံ ခဲ့ကြပါတယ်။

ဒါ့ကြောင့် ရွာတွေထဲ ဝင်ရောက် ဖမ်းဆီးမှုတွေ ရှိတဲ့အခါတိုင်း အစိုးရတပ်ဘက်က ရွာသား ကြီးငယ်မဟူအမျိုး သား တွေကို ပစ်မှတ်ထား ဖမ်းဆီးတယ်၊ နှိပ်စက်ညှင်းပမ်းတယ်၊ ခြိမ်းခြောက်ပြောဆိုတယ် ဆိုပြီး ရွာခံတွေထဲက ပြောဆိုမှုတွေ ရှိပါတယ်။

တပ်မတော်ဘက်ကလည်း အေအေလက်နက်ကိုင်တွေဟာ ရွာသားတွေနဲ့ ရောနှော အသွင်ယူတာမျိုး ကြောင့် စိစစ်ခွဲခြားနိုင်ဖို့ ထိန်းသိမ်း စစ်ဆေးရတယ်လို့ ပြောဆိုပါတယ်။ ရွာထဲ ဝင်ပြီး အိမ်ထောင်စုတွေကို စစ်တဲ့ အခါမှာလည်း ရပ်ရွာ အုပ်ချုပ်ရေး အဖွဲ့ဝင် လူကြီးတွေရဲ့ အကူအညီနဲ့ နည်းလမ်းတကျ စစ်တယ်လို့ ပြောဆိုပါတယ်။

ဒါ့ကြောင့် ကျောက်တန်းရွာ အဖြစ်အပျက်မှာလည်း ရွာထဲကို ဝင်တဲ့ အခါ စစ်ဆေးမေးမြန်းတဲ့ အပိုင်းကို ရဲတပ်ဖွဲ့က တာဝန်ယူပြီး စစ်တပ်က လုံခြုံရေး အနေနဲ့သာ လိုက်ပါတာ ဖြစ်တယ်လို့ တပ်မတော်က ပြော ဆိုတာ ဖြစ်ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */