" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, May 7, 2019

ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ လွတ်မြောက်

RFA
2019-05-07
သမ္မတရဲ့လွတ်ငြိမ်းသက်သာခွင့်နဲ့ အင်းစိန်အကျဉ်းထောင်ကနေ လွတ်မြောက်လာတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ကို ၂၀၁၉ မေလ ၇ ရက်နေ့ကတွေ့ရစဉ်
 
 
နိုင်ငံတော်သမ္မတက အကျဉ်းသား ၆၅၀၀ ကျော် ဒီနေ့ လွတ်ငြိမ်းသက်သာခွင့်ပေးလိုက်ရာမှာ AAPP စာ ရင်းဝင် နိုင်ငံရေးအကျဉ်းသား ၂၀ ဦး ပါဝင်လာပြီး အဲဒီထဲမှာ အင်းစိန်အကျဉ်းထောင်ကနေ ရိုက်တာသတင်း ထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ လွတ်မြောက်လာပါတယ်။    
ဒီနေ့ သမ္မတရဲ့ လွတ်ငြိမ်းခွင့်မှာ ပါဝင်ခဲ့တဲ့ သတင်းထောက်ကိုဝလုံးက အင်းစိန်အကျဉ်းထောင်ရှေ့မှာ သ တင်း မီဒီယာတွေကို အခုလိုပြောပါတယ်။

“ကျွန်တော်တို့ကို ထောင်ထဲမှာ ကူညီခဲ့သူတွေနဲ့ ကမ္ဘာအနှံ့ကနေ ကျွန်တော်တို့ လွတ်မြောက်ဖို့ ဝိုင်းဝန်းဆု တောင်းပေးကြသူတွေ အားလုံးကို ကျေးဇူးအများကြီးတင်တယ်လို့ ပြောချင်ပါတယ်။ ကျွန်တော် အရမ်းဝမ်း သာပြီး မိသားစုနဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ပြန်တွေ့ရမယ့်အတွက် စိတ်လှုပ်ရှားနေပါတယ်။ ကျွန်တော့် သတင်းခန်းကို ပြန်ရောက်ဖို့ မစောင့်နိုင်တော့ပါဘူး"

သတင်းထောက် ကိုဝလုံးက ထောင်ထဲမှာ သူတို့ကို ကူညီခဲ့သူတွေ၊ ကမ္ဘာအနှံက သူတို့ လွတ်မြောက်ဖို့ ဝိုင်း ဝန်းဆုတောင်းပေးသူတွေကို ကျေးဇူးတင်ကြောင်းနဲ့ မိသားစု၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပြန်တွေ့ရတဲ့အတွက် စိတ်လှုပ်ရှားရကြောင်း ပြောပါတယ်။

နိုင်ငံတော်ရဲ့ ရေရှည်အကျိုးစီးပွားကို မျှော်တွေးပြီး ရိုက်တာသတင်းထောက် နှစ်ဦးကို ပြန်လွှတ်လိုက်တာလို့ နိုင်ငံတော်သမ္မတရုံး ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က ကယားပြည်နယ် လွိုင်ကော်မြို့မှာ သတင်းမီဒီ ယာတွေကို ပြောပါတယ်။

“ရိုက်တာသတင်းထောက်နှစ်ယောက် ဝလုံးနဲ့ ကျော်စိုးဦးတို့ သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်မှာပါပါတယ်။ မဏ္ဍိုင်လေးရပ်ဆွေးနွေးပွဲမှာ မိသားစုဝင်တွေက နိုင်ငံတော်အတိုင်ပင်ခံရုံးနဲ့ နိုင်ငံတော်သမ္မတရုံးတို့ကို စာ ပို့ပါတယ်။ ပို့လာတဲ့အပေါ်မှာ လူကြီးတွေက နိုင်ငံတော်ရဲ့ ရေရှည်အကျိုးစီးပွားမျှော်တွေးပြီးတော့ ရိုက်တာ သတင်းထောက်နှစ်ယောက်ကို ပြန်လွှတ်ပေးလိုက်ခြင်း ဖြစ်ပါတယ်။”

ဒီတစ်ကြိမ်ဟာ လွတ်ငြိမ်းချမ်းသာခွင့် နောက်ဆုံးအကြိမ်ဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက လွှတ်ပေးဖို့ တင်ပြခဲ့သူတွေကိုလည်း ပြန်လွှတ်ပေးခဲ့တယ်လို့ သမ္မတရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး ကပြောပါတယ်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP နဲ့ ဗမာနိုင်ငံလုံးဆိုင် ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF တို့က အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန NRPC ကနေတဆင့် ပြန်လွှတ်ပေးဖို့ တင်ပြခဲ့သူ ၃၀ ဦးရှိပြီး အဲ့ဒီထဲက စိစစ်ပြီး ၂၃ ဦးကို ပြန် လွှတ်ပေးလိုက် တယ်လို့ သူက ပြောပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက တင်ပြတဲ့စာရင်းကို AAPPအနေနဲ့ မရရှိသေးတာကြောင့် AAPP စာရင်းနဲ့ ဘယ်နှစ်ဦး ထပ်တူကျသလဲဆိုတာ မသိနိုင်သေးဘူးလို့ AAPP က ပြောပါတယ်။

AAPP စာရင်းအရ ဒီနေ့ လွတ်မြောက်လာတဲ့အထဲမှာ ဌက်အော်စမ်းလူငယ်သင်တန်းကျောင်းမှာ တရားမ ဝင်အသင်း ဆက်သွယ် မှုဥပဒေ ၁၇ (၁) နဲ့ ၂ နှစ် ထိန်းသိမ်းခံထားရတဲ့ မိုင်ချိုမင်းထွေး၊ စိုင်းအိုက်လုံ၊ မန္တေ လး အိုးဘိုထောင်ကဆိုရင် နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ)နဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒေါ်မြဆင့်၊ မနှင်းဟေမာန်ဝင်း၊ မဌေး၊ မချောစု၊ မိုးညှင်းထောင်ကဆိုရင် ABSDF က ဦးအောင်ဆွေဦးနဲ့ ဦးမောင်ဦး တို့ ပါဝင်ခဲ့ပါတယ်။

ဒါ့အပြင် တောင်ကြီးမြို့၊ တောင်လေးလုံးထောင်မှာ ဆက်သွယ်ရေးဥပဒေ၊ နိုင်ငံတော်လုံခြုံရေးအက်ဥပဒေ၊ လက်နက်မှု စတဲ့ပုဒ်မတွေနဲ့ ထိန်းသိမ်းခံထားရသူ ၈ ဦးလည်း ပြန်လည်လွတ်မြောက်လာတယ်လို့ သိရ ပါတယ်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP အဖွဲ့ဝင် ဦးအောင်မျိုးကျော်က AAPP စာရင်းဝင်နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ကျန်ရှိနေသေးတဲ့အပေါ် အခုလို ပြောပါတယ်။

“ကျန်သေးတယ်ပေါ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို ဦးတည်တယ်ဆိုလို့ရှိရင် နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို ခြွင်းချက်မရှိလွှတ်ပေးဖို့ အရေးကြီးပါတယ်။

အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသားတွေရှိနေသေးသမျှ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ် နိုင်သေးပါဘူး။ အခုဆိုရင် အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ အများကြီးတွေ ရှိနေသေးပါ တယ်။ဒီလူတွေကို ခြွင်းချက် မရှိပြန်လွှတ်ပေးပြီး ဒီလူတွေရဲ့ စွမ်းအားတွေကို အမျိုးသားပြန်လည် သင့်မြတ် ရေး နဲ့ ငြိမ်းချမ်းရေးကိစ္စတွေမှာ သုံးသင့်ပါတယ်။”

AAPP စာရင်းဝင်နိုင်ငံရေးအကျဉ်းသားတွေထဲက လွတ်မြောက်ဖို့ ကျန်နေသေးတဲ့ သူတွေထဲမှာ ရန်ကုန် အင်းစိန် အကျဉ်းထောင်ကဆိုရင် နိုင်ငံတော်ပုန်ကန်မှုနဲ့ ထောင်ဒဏ်နှစ် ၂၀ ချမှတ်ခံထားရတဲ့ ဒေါက်တာ အေးမောင်နဲ့ စာရေးဆရာဝေဟင်အောင်တို့ အပြင် နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ တရားရုံးမထီ မဲ့မြင်မှု တွေနဲ့ ထောင်ဒဏ် ၂ နှစ်ခွဲချမှတ်ခံထားရတဲ့ ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးတို့ ရှိပါတယ်။

ကလေးစစ်သားဟောင်းကိုအောင်ကိုထွေးရဲ့ အမဖြစ်သူ မနေဇာထွန်းက ဒီနေ့လွတ်ငြိမ်းချမ်းသာခွင့်မှာ ကိုအောင်ကိုထွေး မပါဝင်တဲ့အပေါ် အခုလို ပြောပါတယ်။

“အမတို့ကတော့ ကိုကျော်စိုးဦးနဲ့ ကိုဝလုံးတို့ လွတ်လာတယ်ဆိုတော့ အမမောင်ကိုလည်း AAPP စာရင်း ဝင်ဖြစ်တော့ ပါမှာပဲဆိုပြီး စောင့်မျှော်နေတာတော့အမှန်ပါပဲ။ ဒါပေမဲ့ ပါမလာဘူး။ အခုဆို စတုတ္တအ ကြိမ် မြောက်လာစောင့်တာ။ ဒီတကြိမ်မှ ပါမလာဘူးဆိုရင် အမတို့ဘက်က ဘာမှ ဝမ်းနည်းစရာမရှိဘူး။ သီးသန့်ကြီး ယုတ်မာထားတယ်ဆိုတာ အမပြောစရာလည်း မလိုပါဘူး။”

ကိုအောင်ကိုထွေး လွတ်မြောက်မလားဆိုပြီး အင်းစိန်အကျဉ်းထောင်ရှေ့မှာ ဒီနေ့ လာရောက်စောင့် ဆိုင်း ခဲ့တဲ့ ဦးမြင့်ဇော်(ခ) ကိုဇော်ကြီးကို ထောင်ရှေ့မှာ ရဲတပ်ဖွဲ့က ဒီနေ့ ဖမ်းဆီးလိုက်ပါတယ်။

ဦးမြင့်ဇော်ဟာ ကိုအောင်ကိုထွေး တရားရင်ဆိုင်နေရစဉ်က ကိုအောင်ကိုထွေး လွတ်မြောက်ရေးအတွက် လှုပ်ရှားဆောင်ရွက်ခဲ့မှုတွေကနေ ဆက်နွယ်ပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ဖမ်းဝရမ်းထုတ်ခံ ထား ရသူ ဖြစ်ပါတယ်။

သမ္မတရဲ့ ဒီနေ့ကြေညာချက်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးအရ လွတ်ငြိမ်းချမ်းသာခွင့်ပေး တယ်ဆို တာကြောင့် ဒေါက်တာအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင်တို့ ပါဝင်လာမယ်လို့ ထင်ခဲ့ပေမယ် မျှော် လင့်သလို မဖြစ်ခဲ့ဘူးလို့ စာရေးဆရာဝေဟင်အောင်ရဲ့ အကိုဖြစ်သူ ဦးသိန်းဝင်း က ပြောပါတယ်။

“၁၂ နာရီဝန်းကျင်လောက်မှာ လွတ်မယ်စာရင်းမှာ ပါသလိုမျိုး ကျနော်တို့လည်း ကြားမိပါတယ်။ သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်မှာ အမျိုးသားရင်ကြားစေ့ရေး အဲ့လိုပါတဲ့အခါကျပါများပါမလားဆိုပြီး ရန်ကုန်က မိ သားစုဝင်တွေကို အင်းစိန်ဗူးဝရှေ့မှာ သွားစောင့်ခိုင်းထားတာရှိတယ်။ မိသားစုဝင်ဆိုတာကတော့ လွတ်စေ ချင်တာပေါ့ဗျာ။”

ဒီနေ့လွတ်မြောက်လာအများစုဟာ မူးယစ်ဆေးဝါးမှုတွေနဲ့ အကျဉ်းကျခံနေရသူတွေဖြစ်ပါတယ်။

မိုးညှင်း၊ အိုးဘို၊ အင်းစိန်၊ ဌက်အော်စမ်း၊ မော်လမြိုင်၊ တောင်လေးလုံး အစရှိတဲ့ အကျဉ်းထောင်တွေကနေ လွတ်မြောက်လာကြပြီး အတိအကျစာရင်းအရ မော်လမြိုင်ထောင်က ၈၃၁ ဦး၊ အင်းစိန်ထောင်က အကျဉ်း သူ၊ အကျဉ်းသား ၃၀၀ ကျော် ပါဝင်ခဲ့ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မဝေမာထွန်း ပေးပို့တာပါ။

Link : Here 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */