ဘီဘီစီ မြန်မာပိုင်း
ညမထွက်ရအမိန့်ကို ဧပြီလ ၁ရက်နေ့က ထုတ်ပြန်ခဲ့တာလို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံက ဘီဘီစီကို ဧပြီ ၂ ရက်က အတည်ပြု ပါတယ်။ အမိန့် သက်တမ်းကာ လကိုတော့ မသိရသေးဘူးလို့ သူကပြောပါတယ်။
အဲဒီထုတ်ပြန်ချက်ကြောင့် မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ကျောက်တော်နဲ့ မင်းပြားမြို့တို့မှာ ဧပြီလ ၂ရက်ကစလို့ ည ၉နာရီကနေ မနက်၅ နာရီအထိ ညမထွက်ရအမိန့် အသက်ဝင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကန့်သတ်ထားတဲ့ အချိန်အတွင်းမှာ အာဏာပိုင် ခွင့်ပြုချက်မရှိဘဲ အပြင်ထွက်လို့ မရတော့ပါဘူး။
နိုင်ငံတော်တည်ငြိမ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေတဲ့ မိုင်းထောင်ဖောက်ခွဲတာ၊ ရဲကင်းစခန်းတွေ ကိုတိုက်ခိုက်တာစတဲ့ လုပ်ရပ်တွေအပါအဝင်အခြားသောအကြောင်းရာတွေကြောင့် အုပ်ချုပ်ရေးယန္တရား ခိုင်မာစွာတည်ဆောက်ဖို့၊ ရပ်ရွာအေးချမ်းသာယာရေးနဲ့ တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့ ညမထွက်ရအမိန့်ကိုထုတ်ရတယ်လို့ အစိုးရ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
အဲဒီအမိန့်ထုတ်ပြန်ချက်နဲ့ပက်သက်ပြီး ရသေ့တောင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက အခုအမိန့်ထုတ်ခဲ့တဲ့မြို့နယ်တွေမှာနေထိုင်သူတွေက နီးစပ်ရာ ကယ်ဆယ်ရေးစခန်းတွေကို ပြောင်းရွေ့ သွားလို့ မူလ နေရာတွေမှာ ဆယ်ဂဏန်းသာသာသာနေထိုင်ကြတာရှိတယ်လို့ ဆိုပါတယ်။
"အခုထုတ်တဲ့နေရာတွေမှာ အုပ်ချုပ်ရေးအဖွဲ့တွေမရှိတော့၊ ကန့်သတ်တဲ့အချိန်အပြင်ထွက်ဖို့လိုရင် အ ကြောင်းကြားစရာအဖွဲ့မရှိလို့ ကယ်ဆယ်ရေးစခန်းတွေမှာလူထပ်တိုးလာနိုင်မလားဆိုတာကို စိတ်ပူမိ တယ်" လို့ ဒေါ်ခင်စောဝေကပြောပါတယ်။
မူလက ဘူးသီးတောင်မြို့နယ်မှာ ပုဒ်မ ၁၄၄ ထုတ်ထားပြီး ဖြစ်လို့ ရခိုင်ပြည်နယ်မှာ အခု ဆိုရင် ညမထွက်ရ အမိန့် ထုတ်ပြန်ပြီး လုံခြုံရေး တင်းကျပ်ထားတဲ့ မြို့နယ်က ၆ ခု ဖြစ်လာပါတယ်။
ညမထွက်ရအမိန့်ကြောင့် ရခိုင်တပ်မတော်နဲ့ အစိုးရတပ်တို့အကြား တိုက်ပွဲတွေပိုမိုပြင်းထာလာနိုင်မလား ဆိုတဲ့အပေါ်မှာတော့ သေချာမပြောနိုင်သေးဘဲ၊ စောင့်ကြည့်ရဦးမှာ ဖြစ်တယ်လို့ လွှတ်တော်အမတ် ဒေါ်ခင် စောဝေကဆိုပါတယ်။
အခု ထုတ်ပြန်ခဲ့တဲ့ ပုဒ်မ ၁၄၄ ရဲ့ သက်တမ်းကိုတော့ ထုတ်ပြန်ချက်မှာ အတိအကျ မဖော်ပြထားပါဘူး။ ဒါပမေယ့် ဥပဒေအရ ပုံမှန်ဆိုရင် ရက်ပေါင်း ၆၀ အထိ ဖြစ်နိုင်ပြီး ဒီအတော်အတွင်းမှာ ရပ်ရွာတည်ငြိမ် လာရင် ပြန်ရုပ်သိမ်းနိုင်တယ်လို့ ဒေါ်ခင်စောဝေက ပြောပါတယ်။
Link : Here
No comments:
Post a Comment