သိန်းဇော်(မောင်တော)
နိရဉ္စရာ၊ ဧပြီ၂
ရခိုင်အမျိုးသားပါတီ ဘူးသီးတောင်မြို့နယ် ဥက္ကဋ္ဌလည်းဖြစ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လည်း ဖြစ်သူ ဦးထွန်းအောင်သိန်းက “နွားရုံတောင်ကျေးရွာ ANP ပါတီ ရပ်ကျေးဥက္ကဋ္ဌ ဦးမောင်တင်ဝင်း က မနက် က တင်ပြလာပါတယ်။ သူတို့က မနေ့က ညနေကတည်းက လက်နက်ကြီးတွေ ပစ်ခတ်မှုတွေ ရှိတဲ့ အတွက် နေရပ်စွန့်ခွာပြီး တစ်ခြားရွာကို ထွက်ပြေးခိုလုံခဲ့ရတယ်။ မနေ့က ညဉ့် ၈ နာရီ အချိန်မှာ ဆိုင်ကိုဖွင့်၊ အိမ်ကို ဖွင့်ကာ ပစ္စည်းတွေကို ယူသွားတယ်လို့ ပြောပါတယ်။ နောက်ပြီးတော့ ကျွန်တော်တို့ ANP ပါတီအလံကို လည်း ဆုတ်ဖြဲပြီး ခြံစည်းရိုးပေါ် တင်ပစ်ခဲ့တယ်လို့ ပြောပါတယ်။နောက်ထပ် အိမ်တံခါး သော့ခတ်ထား တာကို ဖျက်ပြီး ဝင်တယ်။ သေတ္တာတွေလည်းဖွင့်တယ်။ ဈေးဆိုင်ဝန်တွေကိုလည်း ယူသွားတယ်လို့ ဓာတ်ပုံ အထောက်အထားတွေနဲ့ ဖုန်းဆက်ပြီး သူကအကြောင်း ကြားပါတယ်”ဟု နိရဉ္စရာ သတင်းဌာနသို့ပြော သည်။
အဆိုပါ ဖျက်ဆီး ဖောက်ထွင်းယူဆောင်မှုနှင့် ပတ်သက်ပြီး ဦးမောင်တင်ဝင်းအား ဆက်သွယ် မေးမြန်းရာ သူက “မနေ့က ည ၈ နာရီလောက်မှာ ကျနော့်အိမ်ကို စစ်သားတွေက လာပြီး ဖောက်တာကို ရွာမှာ အစောင့် ကျန်ရှိနေခဲ့တဲ့ ရွာသားတစ်ယောက်က တွေ့လို့ ကျနော့်ကို ဖုန်းဆက်အကြောင်း ကြားလာပါတယ်။
သူတို့ယူတယ်ဆိုတာ မျက်မြင်ရွာသားတွေက ပြောပါတယ်။ ကျနော့် အိမ်ကို အကုန်လုံး လုံလုံခြုံခြုံ သော့ ခလောက် ခတ်ထားခဲ့တာပါ။ အိမ်ရှေ့ ထောင်ထားတဲ့ ပါတီ ဆိုင်းဘုတ်ကိုလည်း ဖျက်ဆီးပစ်ခဲ့တယ်။ ထောင်ထားတဲ့ ရခိုင်အမျိုးသား ပါတီအလံကိုလည်း ဆုတ်ဖြဲပြီး ဖျက်ဆီးပစ်ခဲ့ပါတယ်။ မီးရှို့တာလည်း ရှိပါ တယ်။ ဆိုင်ခန်းတွေလည်း အားလုံး ဖောက်ထွင်းပစ်ခဲ့တယ်။ ပစ္စည်းတွေလည်း အကုန် ပျက်စီးတာ ပျက်စီး သွားတယ်။ ပါတာလည်း ပါသွားတယ်။ လက်နက်ကြီးတွေ ပစ်သံတွေကြားနေရလို့ ကြောက်ပြီး မနေ့က ကျနော်တို့က စေတီတောင် ကယ်ဆယ်ရေး စခန်းကို ပြေးနေကြတာပါ။ အဲ့ဒီအ ချိန်မှာသူတို့က လာဖွင့် သွား တာပါ”ဟု ပြောဆိုသည်။
ဧပြီလ ၁ ရက်နေ့က လက်နက်ကြီး ပစ်ခတ်သံများကြောင့် ကျေးရွာသားအများအပြားမှာ အနီးအနားရှိ စေ တီတောင် ကျေးရွာသို့ ထွက်ပြေးခဲ့ရပြီး ရွာထဲတွင် ရွာစောင့်ကျေးရွာသား တစ်ချို့သာ ကျန်ခဲ့သည်ဟု သိ ရသည်။
ဈေးဆိုင်အတွင်း ယူဆောင်သွားသော ပစ္စည်းများမှာဘီယာ ၁၆ ဖာ၊ ခေါက်ဆွဲ ၁၇ ဖာ၊ ပရီမီးယားဆေးလိပ် ၁၀ တောင့်၊ ငါးစည် ၃ဖာ၊ ရှုဆေး အိတ်ကြီးတစ်အိတ်၊ ရွှေဝဝမုန့် ၄ဖာ ၊အီးဂဲလ် ၂ဖာ၊ ဆေးလိပ် ၆ တောင့်၊ ကျေးလက်ဖွံ့ဖြိုးရေးမှ ပေးသည့် အင်ဘတ်တာ ၁ လုံး ပါသွားပြီး ဆုံးရှုံးမှု တန်ဖိုးမှာ ကျပ် ၇ သိန်း ငါးသောင်း ဖို့ ရှိကြောင်း ၎င်းက ပြောကြားသည်။
၎င်းနွားရုံတောင်ကျေးရွာတွင် နယ်ခြားစောင့် စခန်းလည်းရှိပြီး စစ်တပ်လည်း နယ်ခြားစောင့် စခန်း အနီးရှိ တောင်တန်းတွင် နေရာယူထားသည်ဟု ဦးမောင်တင်ဝင်းက ပြောကြားသည်။
“ ကျွန်တော်က ဒီလို အိမ်ဖောက်ထွင်းခံရတာ၊ ပစ္စည်းတွေ ယူဆောင်ခံရတာကို ကျေးရွာ အုပ်ချုပ်ရေးမှူးက တစ် ဆင့် ရွာမှာရှိတဲ့ နယ်ခြားစောင့် စခန်းကို တိုင်ကြားထားပါတယ်။ သူတို့ ဘယ်လို ဆောင်ရွက်မလဲ ဆို တာကို မသိရသေးပါ”ဟု ပြောကြားသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ယနေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်က အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြော ရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးသို့ ဆက်သွယ်ရာ ဖုန်းပိတ်ထားကြောင်း အကြောင်းပြန်သဖြင့် မေး မြန်းတင်ပြနိုင်ခြင်း မရှိပါ။
ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေကလည်း ပါတီအလံ ဖျက်ဆီးခံ ရခြင်း၊ အိမ်နှင့် ဈေးဆိုင်ထဲမှ ဖောက်ထွင်း ဝင်ရောက်ပြီး ပစ္စည်းများ ယူဆောင်သွားခြင်းမှာ ဟုတ်မှန်ပြီး ၎င်းဖြစ်စဉ်ကို စစ်ဆေးရန် လိုသည်ဟု နိရဉ္စရာ သတင်းဌာနသို့ ပြောကြားသည်။
ဘူးသီးတောင်မြို့နယ် စည်တောင်၊နွားရုံတောင်၊ ကွမ်းတောင်၊စပါးထား၊ စံဂိုးထောင်၊ ကျေးရွာများအနီး တိုက်ပွဲ ဖြစ်ပွားနေသည်မှာ လနှင့်ချီ ကြာမြှင့်နေပြီ ဖြစ်ပြီး တိုက်ပွဲကြောင့် နေ့ရပ် စွန့်ခွာထွက်ပြေးနေကြသူ အရေအတွက်မှာ ၎င်းဒေသ တစ်ခုတည်းတွင် ၁၀၀၀ ကျော် ရှိနေပြီ ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment