Wednesday, March 20, 2019

ရခိုင်မြောက်ပိုင်းဒေသ တိုက်ပွဲများ အရှိန်မြင့်

VOA 
ဗွီအိုအေ (မြန်မာဌာန)
20 မတ်၊ 2019 
မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခဟာ အရှိန် ပိုမြင့်တက်လာနေ သလို မြန်မာစစ်တပ်ဘက်က တိုက်လေယာဉ်တွေနဲ့ အင်အားသုံး တိုက်ခိုက်နေတာ တွေ့ရတယ်လို့ ဒေသခံ တွေက ပြောပါတယ်။ ဘူးသီးတောင်မြို့နယ် ဘက်မှာလည်း မနေ့က ရခိုင်လက်နက်ကိုင်အဖွဲ့ AA နဲ့ မြန်မာ စစ်တပ်ကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။
အရှိန်မြင့်လာတဲ့တိုက်ပွဲတွေကြောင့် အရပ်သား ထိခိုက်နစ်နာမှုတွေ ပိုများလာနေတဲ့အကြောင်း ဗွီအိုအေ သတင်း ထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်အတွင်း ဘူးသီးတောင်နဲ့မြောက်ဦးမြို့နယ်အတွင်းမှာ တပ်မတော်နဲ့ရခိုင်လက်နက်ကိုင် AA အဖွဲ့ တို့တိုက်ပွဲဖြစ်ပွားနေတာပါ။

မြောက်ဦးမြို့နယ်၊ ကျောင်းတောင်ရွာ အရှေ့ဘက် တောင်တန်းဘက်မှာ မနေ့ အင်္ဂါနေ့မှာ တိုက်ပွဲဖြစ်ပွား ခဲ့ပြီး တပ် မတော်ဘက်က တိုက်လေယာဉ် နဲ့တိုက်ခိုက်နေတာ တွေ့ရတယ်လို့ မြက်ရိတ်ကျွန်းဒုက္ခသည် စခန်းနေ စစ်ရှောင်တွေကို အကူညီပေးနေတဲ့ ကိုထွန်းနီဝင်းက ပြောပါတယ်။

“အဲဒီ ရွာစောင်းလဲ ကျွန်တော်တို့မြင်ရတယ်။ Jet Fighter တွေ ပေါ့နော်။ မြန်မာ့တပ်မတော်က Jet Fighter တွေနဲ့လာပြီးတော့ ဗုံးကြဲတာ ကျွန်တော်တို့တွေ့တယ်။ ဆိုတော့ တအုံးအုံးနဲ့ဘဲ။ လာပြီးတော့ဗုံးကြဲတယ်။ အဲဒီ ကျောင်းတောင်ဖက်။ ကျွန်တော်တို့ ကျောင်းတောင်ဘက်လို့ဘဲ သိရတယ်။ ဒါပေမယ့် ဘယ် အနားမှာဆိုတာ ကျွန်တော် တို့ တိတိကျကျမသိရဘူး။”

ဘူးသီးတောင်မြို့နယ်၊ ကွမ်းတောင်ရွာနှင့် စပါးထားကျေးရွာအကြား ကားလမ်းပေါ်မှာ မြန်မာတပ်မတော်နှင့် ရခိုင့် တပ်မတော် (AA) တို့အကြား မနေ့က အင်္ဂါနေ့နံနက်က တိုက်ပွဲ ဖြစ်ပွားခဲ့လို့ ဒေသခံရွာသားတွေ စေတီတောင် ရွာဘက်ကို တိမ်းရှောင် လာကြောင်း စေတီတောင်ရွာ အုပ်ချုပ်ရေးမှူး ဦးကျော်သန်းကပြော ပါတယ်။

“(၁၉)ရက်နေ့(၁၀)နာရီ (၁၀)မိနစ်က (၁၁)နာရီကျော်ကျော်လောက် ရှိမယ်။ ကွမ်းတောင်ကျွန်း နဲ့ စပါးထား အကြား ကားလမ်းမမှာ ဖြစ်တာပါ။ ”

မနေ့ကအထိ တိုက်ပွဲတွေ ရှိခဲ့ပေမယ့် ဒီနေ့မှာ တိုက်ပွဲြငိမ်သက်လို့ တိမ်းရှောင်လာတဲ့ ရွာသားတွေ နေရပ် ကိုပြန်ကြ ပြီလို့ သူကဆိုပါတယ်။

မတ်လ(၁၈)ရက်နေ့ ညတုန်းကလည်း မြောက်ဦးမြို့အတွင်း လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါ တယ်။ ဒီပစ်ခတ်မှုကြောင့် ဒေသခံပြည်သူ(၆)ဦး ဒဏ်ရာရခဲ့တယ်လို့ မြောက်ဦးမဲဆန္ဒနယ်က ပြည်နယ်လွှတ် တော် ကိုယ်စားလှယ် ဦးထွန်းသာစိန် က ပြောပါတယ်။

“(၁၈)ရက်နေ့ကတော့ ကျွန်တော်တို့မြောက်ဦးမြို့မြောက်ပိုင်း ကျောက်ကြပ်စေတီ တောင်တဝိုက် မှာပေါ့ နော်။ ည (၆) နာရီလောက်မှာ ကျွန်တော်တို့လက်နက်ကြီး လက်နက်ငယ်တွေ ပစ်ခတ်သံကြားရပါတယ်။ (၇)နာရီကျော် လောက်မှာ မြောက်ဦးမြို့ နေရာ အနှံ့ကနေပြီးတော့ သေနတ်ကြီးသေနတ်သံ ပစ်ခတ်သံတွေ ကြားရတယ်။ (၈) နာရီကျော်မှာပေါ့နော် မြောက်ဦးမြို့ထဲကို ဝင်ပြီးတော့ နေအိမ်တွေပေါ့နော် သေနတ်နဲ့ ပစ်ခတ် တယ်။

အမြှောက်သံတွေ ကြားနေရတယ်။ ဒေသခံတွေရဲ့ ပြောပြချက်အရ တပ်မတော်စစ်ကြောင်းကနေ ရှင်းလင်း ရေး လုပ်တယ် လို့ ပြောကြပါတယ်။ အဲဒီနေ့က ကျွန်တော် မျက်စိရှေ့မှာ (၆)ယောက်တွေ့ ရှိ ခဲ့ပါတယ်။ ရွာဟောင်းတောရွာ က ကျွန်တော်တွေ့တာ(၅)ယောက်ပါ။ နောက်တယောက်က ကျွန်တော်တို့အလယ် ဈေးက မိန်းမကြီးတယောက်ပါ။ အကုန်လုံး ကျွန်တော်(၆)ယောက် တွေ့ရှိပါတယ် အဲဒီနေ့က လူနာ။”လက် နက်ကြီးထိမှန်ခဲ့လို့ ဒဏ်ရာရသူ (၅) ဦး ရှိခဲ့တဲ့ ရွာဟောင်းတော ရွာခံ ဦးစံမောင် ကတော့ ပစ်ခတ်ခံ ရမှုအ ခြေအနေ ကို အခုလို ပြောပါတယ်။

“ကလေးတယောက်မှာ ခြေနှစ်ဖက်လုံးထိသွားလို့ သတိမရဖြစ် သွားတယ်။ ကလေးနှစ်ယောက်နဲ့ နောက် လင်မယား နှစ်ယောက်။ ကလေးတယောက် (၅)ယောက်ပေါ့။ မောင်ဝင်းရီ ဆိုတဲ့သူကတော့ စိုးရိမ်ရပါ တယ်။ (၁၈)ရက်နေ့က အရေးပေါ်ကားတွေ မှာယူလို့မရဘူး။ ပုဂ္ဂလိက ကြက်ခြေနီ မှာလို့မရဘူး။ မလာ ရဲဘူး သူတို့က။ မြောက်ဦးမြို့မြို့ကအရှင်ဘုရားက သံဃာနှစ်ပါး နဲ့ ဦးဆောင်ပြီး လာခဲ့ တာဖြစ်တယ်။ အဲတာ ကြောင့်သူတို့ အသက်ရှင်သွားတာ။

အခုဆေးရုံမှာပါသူတို့။ အဲဒီ လက်နက်ကြီး ပစ်တာကကြားတဲ့အတိုင်းပါဘဲ။ ဗမာစစ်တပ်ဖက်ကပစ်တာပါ။ ဘာ တိုက်ပွဲမှ မရှိပါဘူး။ ဗမာစစ်တပ်က တမင်တကာ လူထုကိုခြိမ်းခြောက်လို့ ပစ်နေ တာပါ။ ”မြောက်ဦးမြို့ အတွင်း ပစ်ခတ်မှုဟာ မြန်မာ့တပ်မတော်လက်ချက်လို့ ဒေသခံတွေက ဝေဖန်ပြောဆိုမှုတွေရှိနေပေမယ့် မတ်လ(၁၈)ရက်နေ့ ပစ်ခတ်မှုမှာ မြောက်ဦးမြို့နယ် အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေတဲ့ တပ်မတော် စစ် ကြောင်း မြောက်ဦးမြို့ကို ချီတက်လာချိန်မှာ မြောက်ဦးမြို့အဝင် မြို့နေအိမ်ပေါ် ကနေ ပစ်ခတ် တိုက်ခိုက်ခဲ့လို့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း တပ်မတော်ဘက်က သတင်းထုတ်ပြန်ထား ပါတယ်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးဝင်းဇော်ဦးက AAအနေနဲ့ မြို့ ပေါ်မှာ တိုက်ကွက်ဖေါ်လာလို့ တိုက်ပွဲဖြစ်ခဲ့ကြောင်း အခုလိုပြောပါတယ်။

“အဲဒီလိုမြို့ပေါ်မှာပစ်တဲ့အခါကျတော့ ဘာတွေဖြစ်လာလဲဆိုတော့ တမင်လုပ်ကြံ ဖန်တီးပြီးတော့မှဟုတ် လား လူဂွင် ထဲကိုဆင်တဲ့သဘောရှိတယ်။ စစ်ဘေးရှောင်တွေများလာပြီး ၊ရွာသူရွာသားတွေ မနေရဲတော့ပါ ဘူး။ ဆိုပြီးတော့မှ နိုင်ငံတကာစိတ်ဝင်စားအောင် လုပ်တယ်။မြို့တွေပေါ်မှာတိုက်ကွက်မဖေါ်ဘူး။ ရွာတွေ အပေါ်မှာ တိုက်ကွက်မဖေါ် ဘူးဆိုရင် တိုက်ပွဲရှောင်တဲ့ လူရှိလာစရာအကြောင်းမရှိဘူးလေ။ တောတွေထဲ မှာတိုက်ကွက်မဖေါ်ဘဲ မြို့တွေအပေါ် မှာပြောင်းလဲပြီးတော့တိုက်ကွက်ဖေါ်တယ်။

ဒီဟာတွေတမင်ဖန်တီးပြီးတော့မှ ဒီဂွင်ထဲကိုရောက်အောင် တမင်ဆင် တယ် လို့ဘဲကျွန်တော်တို့မြင် တယ်။”

ရခိုင့်တပ်မတော် AA ကတော့ မြောက်ဦးမြို့အတွင်းတိုက်ပွဲမဖြစ်ခဲ့ဘူးလို့ AA ပြန်ကြားရေး တာဝန်ခံ ခိုင် သုခက ဆိုပါတယ်။

“မြောက်ဦးမှာ ဘာမှတိုက်ပွဲမဖြစ်ဘဲနဲ့ လက်နက်ကြီးတွေနဲ့ လက် နက်ငယ်တွေနဲ့ ပစ်တာရှိတယ်။ အရပ် သားတွေ နေတဲ့လူနေရပ်ကွက်တွေကိုပစ်တာ။ အရပ်သားတွေဘဲ အဲဒီမှာထိခိုက် တာတွေရှိတယ်။ တကယ် ကတော့အဲဒီမှာ တိုက်ပွဲမဖြစ်ပဲနဲ့ကို ပစ်နေတာ။ ”

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းကလည်း ကျောက်တော်မြို့နယ် ခေါင်းတုတ်ကျေးရွာ နဲ့ အလယ်ကျွန်းကျေးရွာ တွေမှာ လက်နက်ကြီးငယ်တွေနဲ့ ပစ်ခတ်မှုကြောင့် ဒေသခံ(၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

မြောက်ဦးမြို့အတွင်း ပစ်ခတ်မှုမှာ လူနေအဆောက်အဦးတွေအပြင် ရှေးဟောင်း သမိုင်းဝင် စေတီပုထိုးတွေ ပါ ထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့ မြောက်ဦးယဉ်ကျေးမှု အမွေအနှစ် ဒေသကို စစ်မဲ့ဇုံ အဖြစ်သတ်မှတ်ပေးဖို့၊ စေတီပုထိုး တွေကို ခံတပ်သဖွယ် အကာအကွယ်ယူ အသုံးမပြုဖို့မြန်မာရှေးဟောင်း သုတေသနပညာ အ သင်းကနေ တောင်း ဆိုခဲ့သလို ရခိုင်အမျိုးသားပါတီကလဲ ဒီပစ်ခတ်မှုကို စုံစမ်းစစ်ဆေးသွားဖို့ စုံစမ်းရေး ကော်မရှင် တခုကို ဒီနေ့မှာပဲ ဖွဲ့စည်းခဲ့ပါတယ်။

 
Link : Here 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */