Saturday, February 16, 2019

ဆန္ဒပြပွဲ အင်အားသုံးဖြေရှင်းခဲ့တဲ့လုပ်ရပ် စုံစမ်းစစ် ဆေးဖို့ HRW တိုက်တွန်း

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-02-15
လွိုင်ကော်မြို့ ကန္တာဟေဝန်ပန်းခြံရှိ ဗိုလ်ချုပ်ကြေးရုပ် ပြန်လည်ရုပ်သိမ်းရေးအတွက် ဆန္ဒပြတောင်းဆိုသူများကို ၂ဝ၁၉ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က တွေ့ရစဉ်။
 
  ကယားပြည်နယ် လွိုင်ကော်မြို့မှာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ဖြစ်ခဲ့တဲ့ ဆန္ဒပြပွဲကို ရဲတပ်ဖွဲ့က အင်အားသုံး ဖြိုခွဲခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ပတ်သက်လို့ ဘယ်သူတွေ တာဝန်ရှိသလဲဆိုတာကို အစိုးရက ချက်ခြင်း စုံစမ်းစစ် ဆေးသင့်တယ်လို့ HRW လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က မနေ့က တိုက်တွန်းပြောဆိုလိုက်ပါတယ်။
လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြခွင့်ရှိကြတဲ့ တက်ကြွလှုပ်ရှားသူ လူငယ်တွေက သူတို့အခွင့် အရေးအတွက် ဆောင်ရွက်တာကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ရာဘာကျည်တွေနဲ့ ပစ်ခတ်နှိမ်နင်း ခဲ့တယ်လို့ HRW အာရှဆိုင်ရာလက်ထောက်ညွှန်ကြားရေးမှူး Phil Robertson က ပြောပါတယ်။

ဆန္ဒပြသူတွေကို တရားစွဲထားတာတွေ ပြန်ရုပ်သိမ်းပေးမယ် ဆိုတဲ့အချက်ဟာ ဥပဒေချိုးဖောက်ထားတယ် ဆိုတဲ့သူတွေအပေါ် သင့်လျော်တဲ့လုပ်ရပ် မဟုတ်သလို၊ ရဲတပ်ဖွဲ့က အင်အားသုံးဖြေရှင်းခဲ့တာကို အမြန်ဆုံး စုံစမ်းစစ်ဆေးဖို့ လိုအပ်တဲ့အပေါ် ရှောင်လွှဲလို့မရဘူးလို့လည်း Phil Robertson ကပြောပါတယ်။

လုံခြုံရေးတပ်ဖွဲ့တွေ မလွှဲမရှောင်သာ အင်အားသုံးရတဲ့အခါ… ပထမအဆင့်အနေနဲ့ အတတ်နိုင်ဆုံး စိတ်ရှည်သည်းခံရမှာ ဖြစ်ပြီး၊ ကိုယ့်ကိုယ်ကို ခုခံကာကွယ်ရေးအတွက် စိုးရိမ်ရတဲ့အခြေအနေမှသာ အင်အားသုံးရမှာဖြစ်သလို၊ အဲဒီလိုဆောင်ရွက်တဲ့အခါမှာလည်း တရားဥပဒေ ပြဋ္ဌာန်းချက်အတိုင်း ဖြစ်ရမယ်လို့ လိုက်နာရမယ့် အခြေခံမူအဖြစ် ကုလသမဂ္ဂက ချမှတ်ထားပါတယ်။

ဒါကြောင့် မြန်မာအစိုးရအနေနဲ့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို ဖမ်းဆီးတဲ့အလေ့အကျင့် ရပ်တန်းကရပ်ဖို့နဲ့၊ အင် အားသုံးဖြေရှင်းခဲ့တာကို အပြည့်အဝ စုံစမ်းဖော်ထုတ်ဖို့ HRW အဖွဲ့က Phil Robertson က တိုက်တွန်း လိုက်ပါတယ်။


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */