Saturday, February 16, 2019

ပျောက်ဆုံးနေသူ မောင်တောမြို့နယ် သင်္ဘောလှ ကျေးရွာသား ၃ ဦးအလောင်း ကျင်းတစ်ခုတည်းတွင် မြုပ်နှံတွေ့ရှိ

နိရဉ္စရာ
နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁၆
မြန်မာ-ဘင်္ဂလာဒေ့ရှ် နယ်စပ် မောင်တောမြို့နယ် မြောက်ပိုင်း၊ အထက်သင်္ဘောလှ ကျေးရွာမှ ပျောက်ဆုံး နေသူ ဒိုင်းနက်လူမျိုး ၃ ဦး၏ အလောင်းကို ကျင်းတစ်ခုတည်းတွင် မြုပ်နှံ၍ ယနေ့ နံနက်က ၉ နာရီကျော် က ရှာဖွေ တွေ့ရှိခဲ့သည်ဟု သတင်းရရှိသည်။

ဒေသခံ တစ်ဦးဖြစ်သူ ဦးမောင်ဝင်းလိူင်က “ သူတို့က မနေ့ မနက် ထမင်းစားပြီး ဂဏန်းရှာဖို့သွားတဲ့ အချိန်က တည်းက ပျောက်သွားပါတယ်။ မနေ့က ညဉ့် ၁၂ နာရီထိ ပြန်မရောက်ဘူး။ ဒီကနေ့ မနက်က လိုက်ရှာတော့ သူတို့သုံးယောက်လုံးရဲ့ အလောင်းကို တစ်ကျင်းတည်းမှာ မြုပ်နှံထားတာကို နံနက် ၉ နာရီ ကျော်မှာ တွေ့ရှိပါတယ်” ဟု ပြောကြားသည်။

အသတ်ခံခဲ့ရသူများမှာ အထက်သင်္ဘောလှ ကျေးရွာမှ ဦးလှထွန်းမောင် (၃၈) နှစ် (ဘ) ဦးထွန်းလှဦး၊ ဦး ထွန်း (၄၀) (ဘ) ဦးမောင်ဘဦးနှင့် ဦးမောင်ထွန်းစိန် (၄၀) နှစ်တို့ ဖြစ်ကြသည်။

“ ကျွန်တော်တို့က အာရ်ဆာ(ARSA ) အဖွဲ့ကသတ်တယ်လို့ ယူဆထားပါတယ်။ ဒီနေရာက ဘင်္ဂလာဒေ့ရှ် နဲ့ ကပ်ရပ်တည်ရှိပြီး သူတို့ဘဲ လူပ်ရှားနေတာရှိတော့ အာရ်ဆာဘဲ ဖြစ်ဖို့များပါတယ်။

ဒဏ်ရာတွေက ဦးခေါင်းတွေမှာရော၊ ခြေထောက်တွေမှာရော ရပါတယ်။ ဓားနဲ့ ခုတ်သတ်ထားတာပါ။ တစ်ယောက်ကတော့ လည်ပင်း ပြတ်ရှ ဒဏ်ရာပါပါတယ်” ဟု ပြောကြားသည်။

လက်ရှိတွင် နယ်စက် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များရောက်ရှိနေပြီး စစ်ဆေးချက်များယူနေသည်ဟု ဦးမောင်ဝင်း လိူင်က ပြောကြားသည်။

နယ်ခြားစောင့်ရဲတပ်ဖွဲ့ရဲမှူးကြီးသို့ ဆက်သွယ်ရာ အဆိုပါ လူသတ်မှုနှင့် ပတ်သက်ပြီး ပိုမိုသိရှိနိုင်အောင် စိစစ်နေကြောင်း ပြောဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲမှူးတို့ကို ဆက်သွယ်သော်လည်း ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိပါ။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */