" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, February 1, 2019

ရိုက်တာသတင်းထောက်တွေကို အကွက်ဆင် ဖမ်းခဲ့တာလို့ ထွက်ဆိုသူ ဒုရဲမှူးဟောင်းမိုးရန်နိုင် အကျဉ်းကလွတ်ပြီ

VOA  
 ဗွီအိုအေ (မြန်မာဌာန)
ထက်အောင်ခန့် ၊
01 ဖေဖော်ဝါရီ၊ 2019
ရိုက်တာသတင်းထောက်နှစ်ယောက်ကို အမှုဆင်ဖမ်းကြောင်း သက်သေထွက်ခဲ့၍ ထောင်ကျခဲ့တဲ့ ရဲအရာရှိ မိုးရန်နိုင် နှစ်စေ့ပြီး ပြန်လွတ်လာစဉ်။ (ထက်အောင်ခန့်/ ဖေဖော်ဝါရီ ၁၊ ၂၀၁၉)

ထောင်ဒဏ် ၁ နှစ် ချခံခဲ့ရတဲ့ ဒုရဲမှူးဟောင်းမိုးရန်နိုင်ဟာ ကျခံရမယ့် ထောင်ကျရက် ပြည့်သွားတာကြောင့် ဒီကနေ့မှာပဲ အင်းစိန်ထောင်က ပြန်လွတ်လာပါပြီ။ သူဟာ ရဲစည်းကမ်း ကိုဖောက်ဖျက်တာမျိုး မရှိဖူးဘူးလို့ထောင် ကထွက်ထွက်ချင်းမှာပဲ သတင်းထောက်တွေ ကို ဦးမိုးရန်နိုင်ကပြောပါတယ်။ ဒါ့အပြင် အဲဒီ ရဲစည်းကမ်းထိန်းသိမ်း ရေးဥပဒေကို ပြင်ဆင်သင့်တယ်လို့ လည်း ပြောပါတယ်။ ဒီအကြောင်း အင်းစိန်ထောင်ရှေ့မှာ ကိုယ် တိုင်သွားပြီး သတင်းယူခဲ့တဲ့ ကိုထက်အောင်ခန့်က သတင်းပေးပို့ထားပါတယ်။
ရိုက်တာသတင်းထောက်တွေကို ခွင့်ပြုချက်မရှိဘဲ တွေ့ဆုံမေးမြန်းခွင့်ပြုခဲ့တယ်ဆိုပြီး ရဲစည်းကမ်း ဖောက် ဖျက် မှု ဥပဒေနဲ့ အကျဉ်းကျနေတဲ့ ဒုရဲမှူးဟောင်း မိုးရန်နိုင်ဟာ ဒီကနေ့မနက်ပိုင်းကပဲ အင်းစိန်ထောင်ကနေပြန်လွတ် လာတာပါ။ ရိုက်တာသတင်းထောက်တွေ တွေ့ဆုံမေးမြန်းတဲ့ကိစ္စမှာ ရဲစည်းကမ်း ဖောက်ဖျက်ခဲ့ တာ မရှိဘူးလို့ ထောင်က ထွက်ထွက်ချင်းမှာပဲ သူက သတင်းထောက်တွေကို ပြောလိုက်သလို အဲဒီဥပဒေ အပေါ် သူ့ရဲ့အမြင်ကိုလည်း ပြောသွားပါတယ်။

"ကျနော့်ဘဝတလျောက်လုံး၊ ရဲဘဝတလျောက်လုံး အခုဖြစ်တဲ့ကိစ္စမှာ ဘာရဲစည်းကမ်းမှ ဖောက်ဖျက်တာ မရှိဘူး။ ဖောက်ဖျက်တယ်လို့ပြောလို့ရတာက ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေဆိုတာ ကျနော်တို့ ဒီ Law တွေနဲ့ ဥပဒေအရဆိုရင် စံချိန်စံညွှန်းမီတဲ့ ဥပဒေတခု မဟုတ်တဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေအတွက် အများကြီး နစ်နာတဲ့ ဥပဒေတခုလို့ ကျနော်က မှတ်ယူတယ်။ ဒါကြောင့်မို့ ဒီဥပဒေဟာလည်း ဒီမိုကရေစီ ချီတက်တဲ့ လမ်းကြောင်းမှာ ရဲစည်းကမ်း ထိမ်းသိမ်းရေး ဥပဒေဟာလည်း လုံးဝပြုပြင်ရမယ့် ဥပဒေတခုလို့ ကျနော် မြင်တယ်။"

ဦးမိုးရန်နိုင် သူအကျဉ်းကျခံနေရစဉ် ကူညီဝန်းရံတဲ့သူတွေကိုလည်း ကျေးဇူးတင်စကား ပြောသွားပါတယ်။

"ကျနော်နဲ့ ကျနော့်မိသားစုကို ကျနော်ထောင်ကျနေတဲ့အတွင်းမှာ ပြည်သူလူထုအားလုံးက ဝန်းရံ အားပေးကူညီကြတဲ့အတွက် ကျနော်က ဒီနေရာကနေ ပြည်သူလူထု မြန်မာနိုင်ငံ အရပ်ရပ်မှာရှိတဲ့ ပြည်သူ လူထုကို ကျေးဇူးအများကြီးတင်ကြောင်း ဝိုင်းဝန်းပံ့ပိုးကြတဲ့ အဖွဲ့ အစည်းတွေ အားလုံးကိုလည်း ကျေးဇူးတင်ကြောင်း ၊ နောက်ပြီး အဝေးရောက် မြန်မာပြည်သူပြည်သားတွေကအစ အားပေးကြတဲ့အတွက် အများကြီး ဝမ်းသာရပါ တယ်။"ဦးမိုး ရန်နိုင်ဟာ ရိုက်တာသတင်းထောက်တွေအမှုမှာ တရားလိုပြ သက်သေတယောက် ဖြစ်ပြီး ရိုက်တာ သတင်း ထောက်တွေကို ရဲမှူးချုပ်တင်ကိုကိုက ထောင်ချောက်ဆင် ဖမ်းဆီးခဲ့တာလို့ တရားခွင်မှာ ထွက်ဆိုခဲ့သူပါ။ အဲဒီလိုထွက်ဆိုပြီးတဲ့နောက် သူ့ကို အရေးယူ ထောင်ချတဲ့အပေါ် ဘာမှ အညှိုးအတေးမရှိဘဲ ဗုဒ္ဓဘာသာဝင် တဦးဖြစ်တဲ့ အတွက် ဘာသာရေးအရ ဖြေသိမ့်နိုင်တယ် လို့ပြောပါတယ်။

ဦးမိုးရန်နိုင် ရပ်တည်ထွက်ဆိုပေးခဲ့သူတွေဖြစ်တဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့နှစ်ဦး ကတော့ ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ခံထားရပြီး အခုချိန်ထိ အကျဉ်းကျနေဆဲပါ။ အခု နောက်ဆုံးအခြေအနေ ကတော့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ အတွက် ရာဇဝတ်ပြင်ဆင်မှု အယူခံကို ဦးမိုးရန်နိုင် အကျဉ်းထောင်က လွတ်တဲ့ နေ့ဖြစ်တဲ့ ဖေဖော်ဝါရီလ ၁ ရက်၊ သောကြာနေ့မှာ ပဲ သူတို့ရဲ့အကျိုးဆောင်ရှေ့နေဖြစ်သူ ဦးခင်မောင်ဇာ်က ပြည်ထောင်စုတရားလွှတ်တော်မှာ တင်သွင်းလိုက်ပြီဖြစ်ပါတယ်။

 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */