Tuesday, January 8, 2019

စစ်တွေမြို့ရှိ ရိုဟင်ဂျာ IDP စခန်းများတွင် အာဏာ ပိုင်များက “ဘင်္ဂါလီ” လူမျိုး အမည်ဖြင့် အိမ်ထောင် စုစာရင်းများ ထုတ်ပေးနေ

Rohingya Today
အောင်ဇံဝေ၊
Jan 07, 2019
(ဓါတ်ပုံ - Asanka Brendon Ratnayake - Anadolu Agency) 
 
စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့အတွင်းရှိ ရိုဟင်ဂျာများ နေထိုင်သည့် IDP စခန်းများသို့ အာဏာပိုင်များ သွားရောက်၍ အိမ်ထောင်စုစာရင်းမရှိသည့် မိသားစုများအား ရိက္ခာထုတ်လက်မှတ်များမှ အချက်အလက် များကို သုံး၍ “ဘင်္ဂါလီ” လူမျိုးအမည်ဖြင့် အိမ်ထောင်စုစာရင်း အသစ်များ ထုတ်ပေးပြီး၊ မိသားစုဓါတ်ပုံများ လည်း ရိုက်ယူလျက်ရှိသည်။
စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူး၊ လ.ဝ.က ဦးစီးမှူးနှင့် ဝန်ထမ်းများ ပါဝင်သည့် အဖွဲ့ တစ်ဖွဲ့သည် ဇန်နဝါရီလ (၇) ရက်နေ့ နံနက် (၈) နာရီအချိန်တွင် စစ်တွေမြို့ ဘာဆာရာကျေးရွာရှိ ရိုဟင်ဂျာ များနေထိုင်သည့် စံပြ IDP စခန်းသို့ ရောက်ရှိလာပြီး စခန်းတစ်ခုလုံးကို လုံခြုံရေး ရဲအင်အား ၁၀ဝ ခန့်ဖြင့် ဝန်းရံထားခဲ့သည်။ ထို့နောက် ရိုဟင်ဂျာမိသားစုများထံမှ အိမ်ထောင်စုစာရင်းများ တောင်းခံရာ ၆ နှစ်ကျော် ကြာ ဒုက္ခသည်ဘဝ သို့ ရောက်ရှိနေသူများက ၂၀၁၂ ခုနှစ် ဇွန်လတွင် အကြမ်းဖက်တိုက်ခိုက်မှုမှ အသက်လု ထွက်ပြေးခဲ့ ရသောကြောင့် အိမ်ထောင်စုစာရင်းများ မယူလာနိုင်ခဲ့ကြောင်း ဖြေကြားခဲ့သည်။

လ.ဝ.က ဝန်ထမ်းများက ဒုက္ခသည်များ ရိက္ခာထုတ်ယူသည့် ကတ်ပြားများကို ယူ၍ မိသားစုဝင်များ၏ အမည် များကို အိမ်ထောင်စုစာရင်း ပုံစံတစ်ခုတွင် ဖြည့်စွက်၍ လူမျိုးနေရာတွင် ရိုဟင်ဂျာကို “ရိုဟင်ဂျာ” ဟု မရေးဘဲ “ဘင်္ဂါလီ” ဟုသာ ဖြည့်စွက်ခဲ့ကြောင်း ၆ နှစ်ကျော်ကြာ ဒုက္ခသည်ဘဝသို့ ရောက်ရှိနေသည့် ဒုက္ခသည် တစ် ဦးက Rohingya Today သို့ပြောပါသည်။

ထို့နောက် မိသားစုတိုင်းကို မိသားစုဝင်များ အားလုံးနှင့် အတူ စုဝေးခိုင်းပြီး မိသားစုဓါတ်ပုံများ ရိုက်ယူခဲ့ သည်။ ဓါတ်ပုံရိုက်ကူးစဉ် အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိလာနိုင်ခြင်း မရှိသည့် မိသားစုဝင်များကို အိမ်ထောင်စုစာရင်းတွင် မှတ်တမ်းတင်ခြင်း မပြုခဲ့ကြောင်း အဆိုပါ ဒုက္ခသည်က ပြောပါသည်။

ဘာဆာရာကျေးရွာရှိ စံပြ IDP စခန်းတွင် မိသားစုပေါင်း ၉၆၀ ရှိပြီး၊ လ.ဝ.က ဝန်ထမ်းများက ယနေ့ ဇန်နဝါ ရီလ (၇) ရက်နေ့ တစ်ရက်အတွက် မိသားစု ၁၆၀ ကို အိမ်ထောင်စုစာရင်းများ ထုတ်ပေးခြင်း၊ ဓါတ်ပုံရိုက် ကူးခြင်းများ ပြုလုပ်ခဲ့သည်။ ကျန်သည့် မိသားစုများအတွက် နေ့စဉ် လာရောက် ဆောင်ရွက်ပေးမည်ဟု ပြော ဆို၍ ညနေ ၅ နာရီခန့်အချိန်တွင် ပြန်လည် ထွက်ခွာသွားခဲ့သည်။

Link : Here
 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */