နိုင်ကွန်းအိန်
၃၀ ဇန်နဝါရီ၊ ၂၀၁၉
Link : Here
ဘူးသီးတောင်မြို့နယ် အနီးတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် တိမ်းရှောင်ထွက်ပြေးလာခဲ့ကြသော စစ်ရှောင်များ (photo-Rakhine Ethnics Congress)
မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့အကြား တိုက်ပွဲတွေဖြစ်ပွားတဲ့ နှစ်လ တာကာလ အတွင်း အရပ်သား ၄ ဦး ထက်မနည်း သေဆုံးရပြီးဖြစ်သလို ထိခိုက် ဒဏ်ရာရသူ ၁၄ ဦးထိရှိပြီလို့ စစ်တမ်း ကောက်ယူထားတဲ့ ပစ်ခတ်တိုက်ခိုက်မှု စောင့်ကြည့်ရေး အရပ်ဘက်အဖွဲ့အစည်းတွေကပြောပါတယ်။ ဒါ့အပြင် ရခိုင့် တပ်မ တော်နဲ့ ဆက်နွယ်တယ်ဆိုပြီး မတရားအသင်း ဆက်သွယ်မှု အက်ဥပဒေပုဒ်မနဲ့ ဖမ်း ဆီး တရားစွဲဆိုခံရသူ အရေ အတွက်လည်း တိုးလာနေတာပါ။ ဒီအကြောင်း ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။
၂၀၁၈ခုနှစ်ဒီဇင်ဘာနဲ့ ၂၀၁၉ဇန္နဝါရီ(၂)လအတွင်း တပ်မတော်နဲ့AAတို့ကြား တိုက်ပွဲတွေကြောင့် ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင် ၊ ဘူးသီးတောင် မြောက်ဦးမြို့နယ်တွေက အရပ်သားတွေ သေဆုံး ထိခိုက်ဒဏ်ရာရတာ တိုးလာ နေတာပါ။ ဒီနှစ်လအတွင်း အရပ်သားတွေထိခိုက်မှုအခြေအနေ ကိုတော့ စစ်တမ်းကောက် ယူထားတဲ့ ရခိုင်ပြည်နယ် အရပ်ဖက် ပစ်ခတ် တိုက်ခိုက်မှုစောင့်ကြည့်ရေး ကော်မီတီဝင် ဦးဇော်ဝင်းက ဗွီအိုအေကို အခုလိုပြောပါတယ်။
“ကျွန်တော်တို့လေ့လာတွေ့ရှိမှတ်သားထားသလောက်ကတော့ သေဆုံးသူ(၄)ဦး။ ဒဏ်ရာရ သူ(၁၄)ဦး။ သေဆုံးသူ (၄)ဦး ဆိုတာက သမီးလှရွာက (၇)နှစ် သားကလေးရယ်။ ရေကောင်းချောင်းကျေးရွာကသတ္တမတန်ကျောင်း သား ဆီးသီး သွားကောက်လို့ တွေ့လာတဲ့ဗုံးသီးပေါက်သွားတာလေ။ မိုင်းထိသေ ဆုံးသွား တာလေ။ မြောက်ဦး ပန်းမြောင်း မှာအသတ်ခံရတဲ့အမှုရယ်။ ကြာအင်းတောင်က အသတ်ခံရတာရယ် ။ အဲတာတွေအကုန်လုံးကတိုက်ပွဲနဲ့တနည်းတဖုံဆက်စပ်ဆက်နွယ်နေတာလို့ကျွန်တော်တို့ယူ ဆတယ်လေ။
ပြီးခဲ့တဲ့ဇန်နဝါရီလ ၂၆ ရက်နေ့က ရသေ့တောင်မြို့နယ်၊ သမီးလှကျေးရွာ အနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့လို့ ကလေးငယ် တဦး လက်နက်ကြီး ကျည်စထိမှန်သေဆုံး ခဲ့သလို အမျိုးသမီးနှစ်ဦးမှာလည်း လက်နက်ကြီး ကျည်စထိမှန်လို့ ဒဏ် ရာရရှိခဲ့ပြီး စစ်တပ်ကနေ ရိုက်နှက်ခံရတာ(၃)ဦးရှိခဲ့တယ်လို့သူကဆိုပါတယ်။
ဇန်နဝါရီလ ၃ ရက်နေ့ ကလဲ ရသေ့တောင်မြို့နယ် ၊သက်ပြေကျကျေးရွာ စစ်ဘေးရှောင်စခန်း ကိုရောက်နေ တဲ့ ဗောဓိကိုင်းကျေးရွာမှ လူငယ် ၄ ဦးဟာလဲ လက်နက်ကြီးကျည်စထိမှန်ပြီး ဒဏ်ရာရရှိသွားခဲ့ပါတယ်။ ဒါ့အပြင် တိုက်ပွဲဖြစ်စဉ် ကာလအတွင်း ရခိုင့်တပ်မတော်နဲ့ပက်သက်နေတယ်ဆိုပြီး မတရား အသင်း ဆက် သွယ်ရေး ပုဒ်မ၁၇/၁နဲ့ တရားစွဲဆိုခံနေရတဲ့သူတွေလဲရှိနေတယ်လို့ ဦးဇော်ဝင်းကဆက်ပြောပါတယ်။
“မတရားအသင်းစွဲဆိုခံရတာကရသေ့တောင်တခုထဲဘဲ။ ရသေ့တောင်မှာ ရေကောင်းချောင်းကျေးရွာ အဲဒီ အုပ်ချုပ်ရေး မှူးဟာ ပထမဦးဆုံး အဖမ်းခံရတဲ့ အုပ်ချုပ်ရေးမှူးလေ။ စည်တောင်ကျေးရွာကအုပ်ချုပ်ရေးမှူး။ တရားစွဲဆိုခြင်းခံရ တယ်။”
ဇန်နဝါရီ(၁၃)ရက်နေ့က ဘူးသီးတောင်မြို့နယ် ရေလယ်ချောင်းကျေးရွာမှာ ရခိုင်တပ်မတော် နဲ့မြန်မာတပ်မတော် တို့ တိုက်ပွဲဖြစ်ပွါးအပြီး သရက်ပြင် ကျေးရွာ အုပ်ချုပ်ရေးမှူး အပါအဝင် လူ ၁၅ ဦးကို အမှတ် (၃)နယ်ခြားစောင့်တပ် ကနေ ဖမ်းဆီး သွားခဲ့ပါတယ်။ (၁၄)ရက်နေ့ညပိုင်းမှာ (၁၃)ဦးကို ပြန်လွှတ်ပေးပေ မဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ တခြား တဦး ကိုတော့ မတရားအသင်း ဆက်သွယ်ရေး ပုဒ်မနဲ့ တရားစွဲဆို ထား ပါတယ်။
အဲဒီနေ့မှာဘဲ ရသေ့တောင်မြို့နယ်အတွင်း တပ်မတော်နဲ့ AA အဖွဲ့တို့တိုက်ပွဲဖြစ်ပွါးရာ ကြိမ်သာကျေးရွာ အနီးက ခြံသမားနှစ်ဦးဖြစ်တဲ့ ဦးစိန်ဦးနှင့် ဦးစိန်သာကျော် တို့နှစ်ဦးကို မတရားအသင်း ဆက်သွယ်မှုပုဒ်မနဲ့ တရားစွဲထား တယ်လို့ ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောေ၀ ကပြောပါတယ်။
ဘူးသီးတောင်မြို့နယ် သရက်ပြင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သန်းလှိုင်နှင့် ကျေးရွာသား မောင်ကျော် ဝင်း တို့ နှစ်ဦး ဟာ AA အဖွဲ့ အတွက် ငွေကြေးကောက်ခံ ပေးတာ၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ လှုပ်ရှားမှုကို စောင့်ကြည့်သတင်းပေးပို့တာကြောင့် ဖမ်းဆီးတရား စွဲဆိုထားသလို ရသေ့တောင်မြို့နယ်၊ ကြိမ်သာကျေး ရွာနေ ဦးစိန်ဦးနဲ့ ဦးစိန်သာကျော် တို့နှစ်ဦးကို သတင်းပေးပို့ တာမှာ အသုံးပြုတဲ့ ဆမ်ဆောင်းအမျိုးအစား တယ်လီဖုန်းနှစ်လုံး နဲ့အတူ ထပ်မံဖမ်းဆီးရမိခဲ့ပြီး တရားဥပဒေအရ အရေးယူနိုင် ရေးအတွက် လုပ်ထုံးလုပ် နည်းနဲ့အညီဆက်လက် စိစစ်ဆောင်ရွက်နေတယ် လို့ ဇန်နဝါရီလ(၁၆)ရက်နေ့မှာ တပ်မတော်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းမှာလဲ ဇန္နာဝါရီ(၂၇)ရက်နေ့က တပ်မတော် နဲ့AAတို့တိုက် ပွဲအပြီး ကောက်ကြီးဝကျေးရွာ သား(၃)ဦးကို တပ်မတော်ကနေ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒလက်မေ ကျေးရွာဒေသခံ ဦးခိုင်ကျော်နိုင် က ပြောပါတယ်။
“စစ်ပွဲဖြစ်တဲ့နေရာလေ ကောက်ကြီးဝရွာက ဒေသခံ(၃)ဦးကို ဖမ်းဆီးသွားတယ် လို့ သိရတယ်။ ရခိုင့်တပ် မတော်AAနဲ့ ဆက်စပ်မှုရှိတယ်ဆိုပြီးတော့ပေါ့။ ရှင်းလက်ဝရွာမှာ ဘဲထားတယ်ပြောတယ် အကို။ သူတို့ ရဲ့ယာယီတပ်စခမ်း တောင် ကုန်းမှာဘဲ ထားတယ် လို့ပြောတယ်။”
တိုက်ပွဲဖြစ်စဉ်အတွင်း ပြည်သူတွေထိခိုက်နစ်နာနေတာကြောင့် တိုက်ပွဲကို ရပ်တန့်သင့်ပြီလို့ ရခိုင်အမျိုး သားပါတီ အတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောပါတယ်။
“ဒီတိုက်ပွဲတွေဟာပြည်သူလူထုတွေကိုဒုက္ခရောက်တယ်။ အခုလဲ အပစ်မဲ့တဲ့ ကလေး အပါအဝင် ပြည်သူလူထုတွေ သေဆုံးနေရတယ်ကျွန်တော်တို့ကြားနေရပြီး။ ဒီဖြစ်နေတဲ့ တိုက်ပွဲတွေနဲ့အဖြေမရှာနိုင်ဘူး။ အဖြေထွက်လဲထွက်မှာ မဟုတ်ဘူး။ အဲတာကြောင့် ကျွန်တော်တို့ကတော့ စစ်ပွဲတွေရပ်ပြီးတော့ တိုင်း ရင်းသားညီအကိုတွေပီပီ တွေ့ဆုံဆွေး နွေး ညှိနှိုင်းအဖြေရှာခြင်း ကသာလျှင် အသင့်တော်ဆုံးနဲ့ အမှန် ဆုံးဖြစ်တယ်ဆိုတာကို ကျွန်တော်တို့ ရခိုင်အမျိုးသား ပါတီအနေနဲ့ တရားဝင် သဘောထား ထုတ်ပြန်ထား တာ ရှိပါတယ် ခင်ဗျ။”
ဒီကနေ့မှာတော့ တပ်မတော်နဲ့ AA တို့အကြား တိုက်ပွဲဖြစ်တဲ့သတင်းမျိုး မတွေ့ရသလို AA ပြောခွင့်ရ ခိုင် သုခကလည်း တိုက်ပွဲ မရှိဘူးလို့ပြောပါတယ်။
လက်ရှိအချိန်ထိတော့ တိုက်ပွဲဖြစ်ထားတဲ့ ဒေသအသီးသီးကနေ စစ်ရှောင် ထွက်ပြေးလာသူ ဒုက္ခသည်အရေ အတွက် ဟာ ၆၀၀၀ ထက်မနည်းရှိနေပြီဖြစ်သလို တိုက်ပွဲ ထပ်ဖြစ်လိုက်တိုင်းမှာ လည်း နေရပ်စွန့် ထွက်ပြေးရသူ အရေအတွက် တိုးလာနေ ပါတယ်။
Link : Here
No comments:
Post a Comment