" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, January 28, 2019

သမီးလှကျေးရွာ သွားခဲ့သူ ရသေ့တောင် အမတ် ဦးဦးသိန်းနိုင်ကို မေးမြန်းခြင်း

ဧရာဝတီ
မင်းအောင်ခိုင်

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် သမီးလှရွာသစ် ကျေးရွာအနီး ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၆ ရက် နံနက်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ ရွာသား တချို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။ ထိုအထဲတွင် နေအိမ်၌ မီးလှုံနေသည့် အသက် ၇ နှစ်အရွယ် ကလေးငယ်တဦးလည်း ပါဝင်ပြီး ဦးခေါင်းတွင် လက်နက်ကြီး ကျည်စ ထိမှန်ခဲ့သဖြင့် လက်ရှိအချိန်တွင် စစ်တွေဆေးရုံကြီးတွင် အရေးပေါ်လူနာ အဖြစ် ကုသနေရသည်။
နှစ်ဘက် တိုက်ခိုက်မှု ဖြစ်စဉ်မှာ သမီးလှ ကျေးရွာအနီး ၁ ဖာလုံအကွာတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်၍ တပ်မတော်မှ ကျေးရွာ အတွင်း ဝင်ရောက်၍ မသင်္က࿿ာသူများကို ရှာဖွေစဉ် ရွာသားများ ပိုင်ဆိုင်သည့် ရွှေထည်၊ ငွေသားနှင့် တခြားပစ္စည်းများကိုလည်း ယူဆောင်သွားကြောင်း ဒေသခံများဘက်မှ စွပ်စွဲပြောဆိုမှု ရှိနေသည်။

ထိုအခြေအနေနှင့် ပတ်သက်ပြီး သမီးလှကျေးရွာသို့ ကိုယ်တိုင်ကွင်းဆင်း လေ့လာကြည့်ရှုခဲ့သူ ရသေ့ တောင် မဲဆန္ဒနယ်မှ ပြည်နယ် လွှတ်တော်အမတ် ဦးဦးသိန်းနိုင်ကို ဧရာဝတီမှ သတင်းထောက် မင်းအောင်ခိုင်က ဆက်သွယ်မေးမြန်း ထားသည်။

မေး။ ။ တနေ့က သမီးလှကျေးရွာအနီးမှာ တိုက်ပွဲဖြစ်တယ်လို့ ကြားရတယ်။ ဒီနေ့ရော ရသေ့တောင်မြို့နယ်ရဲ့ တိုက်ပွဲ ဖြစ်ပွားနေတဲ့ အခြေအနေ ဘယ်လိုရှိပါလဲ။

ဖြေ ။ ။ ဒီနေ့တော့ ရသေ့တောင်မြို့နယ် အုန်းချောင်း ရွာအနီးမှာ တိုက်ပွဲဖြစ်နေတယ်လို့ ကြားပါတယ်။ ရွာသားတွေ ထိခိုက်မှုရှိလား၊ အခြေအနေ ဘယ်လိုလဲဆိုတာတော့ ကျနော်တို့လည်း သတင်း မရသေးဘူး။

မေး။ ။ မနေ့က ဖြစ်ပွားခဲ့တဲ့ သမီးလှကျေးရွာကို ကွင်းဆင်းကြည့် လေ့လာခဲ့တယ်လို့ သိရပါ တယ်။ အခြေအနေ ဘယ်လို တွေ့မြင်ခဲ့ရပါလဲ။

ဖြေ။ ။ အခြေအနေကတော့ ကျေးရွာသားတွေ တော်တော်လေး စိုးရိမ်ကြောက်လန့် နေကြတယ်။ သူတို့မှာ စုဆောင်း ထိန်းသိမ်းထားတဲ့ ပစ္စည်းတွေလည်းတော်တော်လည်း များများ ပါသွားတဲ့အတွက် ယူကျုံး မရဖြစ် နေကြတာကို မြင်တွေ့ခဲ့ရ တယ်။ရွာသားတွေက ပါသွားတဲ့ ရွှေတွေ၊ ငွေတွေ ပြန်ရအုံးမှာလား၊ မရတော့ဘူး လားဆိုတာ သိချင်နေကြတယ်။ ရွာသားတွေ ဆီက သိမ်းသွားတဲ့ ဖုန်း အလုံး ၆၀ မှာ မနေ့က ၁၆ လုံးကို ပြန်ပေးတယ်။ ရွာသားတွေကတော့ ကြောက်လှန့် နေကြတဲ့ အတွက် ရွာကနေ ထွက်ပြေးချင်ကြတယ်။ ကျနော်တို့ ကတော့ ထွက်မပြေးပါနဲ့ တည်တည်ငြိမ်ငြိမ်လေးနဲ့ ဒီကိစ္စကို ဆောင်ရွက်ကြပါ လို့တော့ မှာခဲ့ တယ်။

မေး။ ။ ရွာမှာ လက်ရှိ ရှိနေတဲ့ သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့တွေနဲ့ရော ဘယ်လို ညှိနှိုင်းပြောဆိုခဲ့ ပါသလဲ။

ဖြေ။ ။ ကျနော်တို့ ရွာကို ရောက်တဲ့အခါ အဲဒီမှာ ဖြစ်ပွားတဲ့ တပ်ကတော့ မရှိတော့ဘူး။ နယ်ခြား စောင့်ရဲ နကခ ( ၈ ) က ရောက်နေတာကို တွေ့ပါတယ်။ ရဲတပ်ဖွဲ့ကိုတော့ ကျနော်တို့ ပြောခဲ့တယ်။ ခင်များတို့ စစ်တာ ဆေးတာတော့ လုပ်ပါ။ ရိုက်တာ နှက်တာလုပ်ရင် ပြည်သူတွေ ပိုပြီး အယုံအကြည် ပျက်လာလိမ့်မယ်။

မေး ။ ။ ရွာသားတွေရဲ့ ဆုံးရှုံးနစ်နာမှု တန်ဖိုး ဘယ်လောက်ရှိပါသလဲ။

ဖြေ။ ။ ကျနော် စာရင်း မပေါင်းရသေးဘူး။ ကျနော် ပြုစုပြီး ယူလာတဲ့ စာရင်းကတော့ အမှန်အကန် အတိအကျ ပါပဲ။
 
မေး။ ။ ယေဘုယျ ခန့်မှန်းခြေ တန်ဖိုး ဘယ်လောက် ရှိမယ်လို့ ထင်လဲ။
 
ဖြေ။ ။ ခန့်မှန်းခြေကတော့ ရွှေရော ငွေပါဆိုရင် သိန်း ၁၅၀ နဲ့ သိန်း ၂၀ဝ ကြားလောက် တော့ရှိတယ်။
 
မေး။ ။ ဘယ်လိုပုံစံမျိုးနဲ့ ရွာသားတွေဆီက ယူသွားတယ်လို့ သိရပါသလဲ။

ဖြေ။ ။ ရွာသားတွေ အားလုံးကို စာသင်ကျောင်းမှာ စုထားတယ်။ ရွာထဲမှာ ကလေးလူကြီး တယောက်မှ မကျန်အောင် ကျောင်းထဲမှာ စုထားတာ။မွေးကင်းစ လသား အရွယ်ကပါ မကျန်ဘူး။ အားလုံးကို ခေါ် ပြီးတော့ကျောင်း မှာ စု ထားတာ။ ရွာသားတွေက မနက်ပိုင်း ထမင်းလည်း မစား ရဘူး ။ ညနေစာလည်း မစားရဘူး ။ ရှင်းရှင်းပြောမယ်ဆိုရင် ရေငတ်လို့ အိမ်ကို ခဏ ရေသွားသောက် မယ်ဆိုတာတောင် မသွားရဘူး ။ရွာသားတွေကို ကျောင်းမှာထည့်ပြီး အပြင်ကနေ ဝိုင်းထားတာပေါ့။ ဆရာတော်လည်း အဲဒီမှာနေရ တယ်။

အဲဒီအချိန်မှာ သူတို့က ရွာထဲကိုဝင်ပြီး သေနတ်ဒင်နဲ့ သေတ္တာတွေကို ရိုက်ဖွင့်တယ်။ ရှိသမျှကို ယူတာ ပါပဲ ။ ငပိတွေ့ရင် ငပိပါ ယူတယ်။ ရွာသားတယောက်မှာ ငပိ တပိဿာ ပါသွားတာရှိတယ်။ ဆန်တွေ ကို ယူတယ်။ ဈေး ဆိုင်ရောင်းတဲ့ အိမ်ကဆိုရင်တော့ ပြောမနေနဲ့တော့ အရက် ၊ ဘီယာ ၊ ဆေးလိပ် အကုန်ယူတာပဲ။

မေး။ ။ ဘုန်းကြီးကျောင်းဆောက်ဖို့ စုထားတဲ့ ငွေတွေလည်း ယူတယ်လို့ ပြောကြတယ်။ အဲဒီ ကိစ္စကရော မှန်သလား။

ဖြေ။ ။ ဘုန်းကြီးကျောင်းဆောက်ဖို့ ရပ်သူရွာသားတွေ စုပြီး သိမ်းထားတဲ့ ပိုက်ဆံသိန်း ၁၄၀ ကျော်ကိုတော့ သူတို့ တွေ့မသွားဘူး ။ သေတ္တာကြီးထဲမှာ ထည့်ထားတော့ အဲဒါကိုတော့ မြင်မသွား ဘူး။ သူ့ ကိုယ်ပိုင် ငွေတော့ ပါသွား တာရှိတယ်။

မေး။ ။ တပ်ကဘက်က ပြောတာတော့ အဲဒီလိုမျိုး လုပ်တာ မရှိဘူး ။ လုပ်ထုံး လုပ်နည်းအရ ရဲတပ်ဖွဲ့ ဝင်တွေနဲ့ ရှာဖွေ စစ်ဆေးတာလောက်ပဲ လုပ်တာလို့ ပြောပါတယ်။ ဖြစ်စဉ်က လက်တွေ မြေပြင် အခြေ အနေဘယ်လို ကွာဟမှုတွေ ရှိလဲ။

ဖြေ။ ။ အဲဒီ ပြောဆိုချက်တွေက မဟုတ်ဘူး။ သူတို့ ငြင်းလို့မရဘူး။ ငြင်းတယ် ဆိုတာ ကတော့ သူတို့ရဲ့ ထုံးစံပါ။ အမှန်တကယ် ဖြစ်ပျက်ခဲ့တာကို ငြင်းလို့ ဘယ်လို လုပ်ရမှာလဲ။ သက်သေ အနေနဲ့ ဓာတ်ပုံတွေတင် ထားကိုလည်း တွေ့ မှာပါ။ အမှန်တကယ် ယူသွားတာကို မယူခဲ့ဘူးလို့ ငြင်းရင် သူတို့မှာ ပိုပြီး အပြစ်ကြီး သွားမှာပေါ့။ ကျနော် အခု စစ်တွေ လာနေတယ်။ အဲဒီ အချက်အလက်တွေကို ပါတီကို အပ်မယ်။ ပါတီက ဒီကိစ္စကို တရားဝင် တင်ပြတောင်းဆိုရမယ်။

မေး။ ။ ရွာကို ဝင်ပြီး ပစ္စည်းတွေ ယူသွားတယ်ဆိုတဲ့ ကိစ္စမှာ တပ်က လုပ်တာလား ၊ ရဲတပ်ဖွဲ့ ရောပါ လား။ ရဲ တပ်ဖွဲ့က ဘယ်အချိန် ပါဝင်လာတာလဲ ။ ဆရာတို့ တွေ့ရှိသလောက် ရှင်းရှင်းလင်း လင်း ဖြစ်အောင် ရှင်းပြပေးပါ။

ဖြေ။ ။ ရွာကို ဝင်တာက ၂ ကြိမ်ပါ။ ပထမတကြိမ် စစ်သားတွေ ဝင်မွှေပြီး ပစ္စည်းတွေကို အားလုံး ယူသွား ပြီး ရပ်သူ ရွာသားတွေ တယောက်မှ မပါဘဲ ဝင်မွှေသွားတာ။ ဒုတိယအကြိမ်မှာတော့ အိုးဖောက်ဆိုတဲ့ ရွာဘက်က ရဲတွေ ရောက်လာပါတယ်။ ဆယ်အိမ်မှူးတွေကို ခေါ်ပြီးတော့ အိမ်တွေကို ဝင်မွှေတာ ဒုတိယ အကြိမ်ပါ။ ရဲတွေ ရွာထဲဝင်ပြီး ရှာဖွေရေး လုပ်တဲ့ အခါမှာတော့ ရွာသားတွေ ၃ ယောက်ပါ ပါတယ်။ ရဲလာပြီး ဒုတိယအကြိမ် ဝင်ရှာတဲ့ အချိန်မှာတော့ ပစ္စည်းတွေ တခုမှ မရှိတော့ဘူး။ သူတို့က ရဲတွေကို ထိုးချတာပါ။ အဲဒီလိုမျိုး လုပ်တာကိုတော့ ကျနော်တို့က လက်မခံချင်ဘူး။

မေး။ ။ ပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့ သမီးလှရွာနဲ့ တိုက်ခိုက်မှုဖြစ်စဉ်မှာ ကျေးရွာသားတွေ ထိခိုက် ဒဏ်ရာရရှိမှု အရေ အတွက် ဘယ်လောက်ရှိပါလဲ။

ဖြေ။ ။ ထိခိုက်မှုကတော့ ၇ နှစ်သား ကလေးတယောက် လက်နက်ကြီး အစမှန်လို့ စစ်တွေ ဆေးရုံမှ ဆေးကုသ နေပါတယ်။ နောက်ပြီးတော့ ဖမ်းဆီး ရိုက်နက်ခံရလို့ နောက်စေ့ ဖူးရောင်နေတာ တယောက် ၊ သေနတ်ဒင်နဲ့ အ ထုခံရတာ တယောက် ၊ နှာခေါင်းမှာ ဒဏ်ရာရရှိတာ တ ယောက် ၊ အမျိုး သမီး တယောက် ကတော့ တင်ပါးမှာ ကျည်ဆန်အစအန မှန်တာ တယောက် အားလုံး ပေါင်းတော့ ၅ ယောက် လောက်ရှိပါ တယ်။

မေး ။ ။ ရွာသားတွေ ထိခိုက်မှုတွေ များတယ်ဆိုတော့ တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့ အခြေအနေကရော ဘယ်လိုပုံစံ မျိုး ဖြစ်ပွားခဲ့တယ်ဆိုတာ သိရှိခဲသလောက် တခေါက် ရှင်းပြပေးပါ။

ဖြေ ။ ။ ကျနော်တို့ သိရှိခဲ့တာ ကတော့ တိုက်ပွဲ ဖြစ်ခဲ့တာမဟုတ်ဘူး။ အပြန်အလှန် တိုက်ပွဲ ဖြစ်ခဲ့တာ မဟုတ်ဘူး ။ တပ်က လမ်းအတိုင်းလာတဲ့ အခါ ဟိုဘက်က အဝေးထိန်းမိုင်းနဲ့ မိုင်းခွဲတယ်။ အဲဒီမှာ တပ်က သေတာလည်း ရှိနိုင်တယ်။ ဒဏ်ရာ ရတာ လည်း ရှိနိုင်တယ်။ အဲဒါကို ကျနော်တို့က မြင်မဟုတ်တော့ အတိအကျ မသိနိုင်ဘူးပေါ့။ ဖြစ်ခဲ့တာတော့ ရွာအနားမှာပဲ ။ ရွာနဲ့ဆို ၁ဖာလုံ လောက်ပဲ ဝေးတယ်။

မေး။ ။ ဒီလိုမျိုး တိုက်ပွဲတွေ ဖြစ်ပေါ်နေပြီးတော့ ရွာ သားတွေလည်း ထိခိုက် ၊ ရွှေတွေ ငွေတွေလည်း ဆုံးရှုံးမှုတွေ ရှိနေတော့ ဒေသခံ လွှတ်တော်ကိုယ်စား လှယ် တယောက်အနေနဲ့ ဘယ်လိုဆောင် ရွက် သွားမလဲ။

ဖြေ။ ။ တိုက်ပွဲဖြစ်တာကတော့ ကျနော်တို့ ရခိုင်ပြည်နယ်တခုတည်းမှာ ဖြစ်နေတာတော့ မဟုတ်ဘူး ။ မြန်မာပြည် အနှံအပြားမှာ ဖြစ်နေကြတဲ့ ကိစ္စတခုပဲ ။ ဒါပေမဲ့ တိုက်ပွဲဖြစ်တာကတော့ တပ်မတော်သားတွေနဲ့ တော်လှန် ရေးသမားတွေ ကြားမှာ ဖြစ်ကြတာပဲ။ ရိုးရိုးသားသား လုပ်ကိုင် စားသောက်နေတဲ့ ပြည်သူတွေကို ဒီလို မ တော်မတရား လုပ်နေတာကို တော့ ကျနော်တို့ ကန့်ကွက်ပါ တယ်။ နှစ်ဘက်စလုံးကို ပြောတာပါ။ ပြည်သူတွေကို နိုင်ထက်စီးနင်းလုပ်တဲ့ လုပ်ရပ်မျိုးတွေ ၊ မတော်မတရား ဖိနှိပ်ချုပ်ချယ်တာတွေကိုတော့ ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။

မေး။ ။ လွှတ်တော်မှာရော ဒီ ဖြစ်စဉ်အပေါ် ဘယ်လို ကြိုးပမ်းပြီး တိုက်တွန်း ပြောဆိုသွားဖို့ ရှိလဲ။

ဖြေ။ ။ လာမယ့် ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ လွှတ်တော်တော့ ခေါ်ထားတယ်။ အဲဒီမှာ ကျနော်က တော့ အပစ်အခတ် ရပ်စဲဖို့ အဆိုတခုလည်း တင်ထားတယ်။ အဲဒီမှာ ဒီအကြောင်းတွေကို တင်ပြဆွေး နွေးသွား မယ်။ ငြိမ်း ချမ်းရေး စကားဝိုင်းကို အလျင်အမြန်ရောက်ရှိအောင် ကျနော်တို့ တိုင်းရင်းသား ပြည်သူနဲ့ လက်ရှိ အုပ်ချုပ်နေတဲ့ NLD အစိုးရနဲ့ ဖိဖိစီးစီး စိတ်ဝင်တစားနဲ့ ဒီကိစ္စကို လုပ်ဆောင်ပေးဖို့ တိုက်တွန်းကြောင်း အဆို ကို တင်သွားဖို့ လုပ်ဆောင်ထားပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */