" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, January 28, 2019

တပ်မတော်သားတွေ လူ့အခွင့်အရေး ချိုးဖောက် တာရှိရင် စိစစ်အရေးယူမည်

RFA
2019.01.28
                                                    လှည့်ကင်းဆောင်ရွက်နေတဲ့ အစိုးရတပ်မတော်သားတချို့ကို တွေ့ရစဉ်

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှာ တပ်မတော်သားတွေက လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိလို့ ခိုင်လုံတဲ့ အထောက်အထားတွေနဲ့ တင်ပြလာမယ်ဆိုရင် လုပ်ထုံးလုပ်နည်းတွေနဲ့အညီ စိစစ်အရေးယူ ဆောင်ရွက်မှာဖြစ်တယ်လို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးကော်မတီက ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဒီနေ့ပြောလိုက်ပါတယ်။

ဇန်နဝါရီလ ၂၆ ရက်နေ့က ရသေ့တောင်မြို့နယ် သမီးလှကျေးရွာမှာ တပ်မတော်က ကျေးရွာသားတွေရဲ့ လက်ဝတ်ရတနာတွေနဲ့ ငွေကြေးတွေကို ယူဆောင်သွားတာ၊ ကျေးရွာသားတွေကို ရိုက်နှက်တာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောဆိုတာနဲ့ပတ်သက်လို့ RFA က ဆက်သွယ်မေးမြန်းခဲ့ရာမှာ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောခဲ့တာပါ။

ဒီနေ့မနက်ကလည်း ရသေ့တောင်မြို့နယ် အုန်းချောင်းကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကျေးရွာသားတွေ ဘေးလွတ်ရာကို ထွက်ပြေးပုန်းရှောင်နေရတယ်လို့ ရွာသားတွေကပြောပါတယ်။

ဒီညနေပိုင်းမှာတော့ တပ်မတော်နဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး ကျေးရွာအတွင်းကို ဝင်ရောက်စစ်ဆေးတာတွေ လုပ်ဆောင်နေတယ်လို့ ရွာသားတစ်ဦးက ပြောပါတယ်။

ရသေ့တောင်မြို့နယ်မြောက်ပိုင်း အုန်းချောင်းကျေးရွာအနီးမှာ ဒီနေ့ မနက် ၈ နာရီလောက်ကစလို့ တိုက်ပွဲဖြစ်ပွားနေတာလို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ကျေးရွာအနီးမှာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ပစ်ခတ်တာတွေဟာ မနက် ၈ နာရီလောက်ကနေ နေ့လယ် ၁၂ နာရီလောက်အထိ ရှိခဲ့တာလို့လည်း ဆိုပါတယ်။

ဒီတိုက်ပွဲတွေနဲ့ပတ်သက်လို့ အမည်မဖော်လိုတဲ့ကျေးရွာသားတစ်ဦးက အခုလိုပြောပါတယ်။

"ကျွန်တော်တို့က တစ်ရွာလုံး ထမင်းတောင် မစားရသေးဘူး။ သူတို့က တစ်ရွာလုံးကို ပစ်တယ်။ တောင်တွေကို ပစ်တယ်။ စစ်တပ်က ပစ်တာပါ။ ကျွန်တော်တို့အားလုံး ဒုက္ခရောက်နေကြရပါတယ်။ စစ်တပ်က မနက် ၈ နာရီလောက်ကနေ အခုအချိန်အထိ လက်နက်ကြီးတွေနဲ့ပစ်တယ်၊ လက်နက်ငယ်တွေနဲ့ပစ်တယ်။ ဘာကြောင့်ပစ်တယ်ဆိုတာကို ကျွန်တော်တို့ မသိရဘူး။ ရွာသားတွေကတော့ ပြေးတဲ့သူတွေကပြေးတယ်။ ချောင်းနားကလူတွေကတော့ လှေတွေနဲ့ဟိုဘက်ကမ်းကို ထွက်ပြေးကြတယ်။ ကျွန်တော်ကတော့ ပြေးဖို့မရလိုက်ဘူး"

လက်နက်ကျည်တွေဟာ ကျေးရွာအတွင်းကို ကျရောက်လာတာကြောင့် ရွာသားတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးပုန်းရှောင်နေကြရတယ်လို့လည်း သိရပါတယ်။

ညနေပိုင်းမှာတော့ ပစ်ခတ်သံတွေမကြားရတော့ဘဲ တပ်မတော်နဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ ပေါင်းပြီး ကျေးရွာအတွင်း ဝင်ရောက်စစ်ဆေးမှုတွေပြုလုပ်နေကြတာကြောင့် ထွက်ပြေးပုန်းရှောင်နေရတဲ့ရွာသားတွေက အိမ်မပြန်ရဲဘဲ ဖြစ်နေကြတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

အုန်းချောင်းကျေးရွာမှာ အိမ်ခြေ ၁၈၀ ခန့်ရှိပြီး ဒီနေ့ပစ်ခတ်မှုတွေကြောင့် ပိတ်မိနေတဲ့ကျေးရွာသားတွေ အတွက် အကူအညီတွေပေးစေချင်တယ်လို့လည်း အမည်မဖော်လိုတဲ့ ရွာသားတစ်ဦးက ပြောပါတယ်။

ဒီနေ့မနက် အခြေအနေနဲ့ ပတ်သက်လို့ ဘယ်လိုစတင်ဖြစ်ပွားတယ်ဆိုတာနဲ့ ထိခိုက်မှု အသေးစိတ်အခြေအနေတွေကိုတော့ မသိရသေးပါဘူး။

ရသေ့တောင်မြို့နယ် မြောက်ပိုင်းကို ရောက်ရှိနေတဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဝင်းက ဒီနေ့ဖြစ်ပွားတဲ့တိုက်ပွဲနဲ့ပတ်သက်ပြီး အခုလိုပြောပါတယ်။

"တိုက်ပွဲတွေဖြစ်တယ်လို့ ကျွန်တော်လည်း ကြားပါတယ်။ အခု သမီးလှမှာ စခန်းချနေတဲ့တပ်က အဲဒီဘက်ကို အကူသွားနေတယ်လို့ ဒေသခံတွေ ပြောနေကြတယ်။ အကုန်လုံးကတော့ ကျီးလန့်စာ စားဖြစ်နေကြတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ တစ်နေ့နေ့ တပ်ကရွာကိုရောက်လာရင် သူတို့တွေ ဘယ်လိုဖြစ်လာမလဲဆိုတာကို တွေးပူနေကြတာပေါ့"

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ကတော့ ဒီနေ့မနက်က ဖြစ်စဉ်အပေါ်မှာ အတည်မပြုနိုင်သေးဘူးလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၆ ရက်နေ့က ရသေ့တောင်မြို့နယ် မြောက်ပိုင်း သမီးလှကျေးရွာအနီးမှာ တပ်မတော်စစ်ကြောင်းတစ်ခု မိုင်းဖောက်ခွဲခံရတာနဲ့ပတ်သက်ပြီး သမီးလှကျေးရွာအတွင်းမှာ ရှင်းလင်းရေးတွေလုပ်ဆောင်ခဲ့ရာမှာ အရပ်သားတွေကိုပါ ထိခိုက်မှုတွေရှိခဲ့တယ်လို့ ဒေသခံတွေကပြော ပါတယ်။

ကျေးရွာအတွင်းကို လက်နက်ကြီးတွေနဲ့ လက်နက်ငယ်ကျည်တွေ ကျရောက်ခဲ့သလို တပ်မတော်သားတွေရဲ့ ရိုက်နှက်မှုကို ခံရတာကြောင့် အမျိုးသား ၃ ဦးဟာ မနေ့က ရသေ့တောင်ဆေးရုံမှာ ဆေးကုသမှု ခံယူခဲ့ရပါတယ်။

တပ်မတော်သားတွေရဲ့ ရိုက်နှက်မှုကြောင့် ဦးခေါင်းမှာ ဒဏ်ရာရသွားတဲ့ သမီးလှရွာသား ဦးမောင်ဝင်းလှိုင်က အခုလိုပြောပါတယ်။

"သေနတ်တွေပစ်ပြီးတော့ ဝင်လာပါတယ် တပ်က။ ကျွန်တော်တို့ကိုကျတော့ အိမ်ထဲကနေ ခေါ်ထုတ်ပြီးတော့ ရိုက်တာပါ။ အိမ်သားတွေရှိရင် ထွက်ခဲ့ဆိုပြီး ခေါ်ထုတ်ပါတယ်။ ရှိပါတယ်ဆိုပြီးထွက်လာတော့ သူတို့ရိုက်တာပါပဲ။ ဦးခေါင်းနဲ့ နဖူးတွေမှာ ကန်ကျောက်လို့ ဒဏ်ရာရတယ်။ ညနေ ၄ နာရီလောက်မှာတော့ ကျွန်တော်တို့ကို ချည်ထားတဲ့ကြိုးကို ဖြည်ပြီးတော့ ရွာသားတွေရှိရာကို ခေါ်သွားပါတယ်။ ည ၇ နာရီလောက်မှာ ကျွန်တော်တို့ အိမ်ပြန်ရတယ်"

နောက်ထပ် ကျည်ထိမှန်သွားတဲ့ ရွာသား ၃ ဦးထဲက စစ်တွေ ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရတဲ့ အသက် ၇ နှစ်အရွယ် ကလေးတစ်ဦးကတော့ အခြေအနေ တိုးတက်မလာတာကြောင့် ရန်ကုန်ကို သွားရောက်ကုသဖို့ အကူအညီ လိုအပ်နေတယ်လို့ သိရပါတယ်။

အဲဒီနေ့ကဖြစ်စဉ်နဲ့ပတ်သက်လို့ တပ်မတော်ဘက်က ကျေးရွာထဲက နေအိမ်အတွင်းထဲကို ဝင်ရောက်ပြီး လက်ဝတ်ရတနာတွေနဲ့ ငွေကြေးတွေ၊ လက်ကိုင်ဖုန်းတွေကို ယူသွားတာတွေရှိခဲ့တယ်လို့ ကျေးရွာသားတွေက ပြောဆိုထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ခိုင်လုံတဲ့ အထောက်အထားတွေနဲ့ တိုင်ကြားလာလို့ရှိရင် လုပ်ထုံးလုပ်နည်းတွေနဲ့အညီ စီစစ်အရေးယူမှာဖြစ်တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးကော်မတီက ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက RFA ကို ပြောပါတယ်။

"ကျွန်တော်တို့မှာ လုပ်ထုံးလုပ်နည်းတွေ အဆင့်ဆင့်ရှိတယ်ဗျ။ ဒါတိုင်ကြားလာလို့ရှိရင် စုံစမ်းစစ်ဆေးရမယ်၊ မှန်လို့ရှိရင် စစ်စည်းကမ်းအရ စုံစမ်းစစ်ဆေးရမယ့်ဟာရှိတယ်။ အုပ်ချုပ်မှုနည်းလမ်းအရ စုံစမ်းစစ်ဆေးရမယ့်ဟာ ရှိတယ်။ အဲဒါတွေကိုလုပ်မှာပါ။ ကျွန်တော်တို့ဆီကတော့ ပြည်သူလူထုနဲ့ ပတ်သက်လာလို့ရှိရင်တော့ ဒါ တိုင်ကြားလာလို့ရှိရင် ဘယ်တော့မှ လျစ်လျူရှုထားတာမရှိပါဘူး။ တိုင်ကြားလာလို့ရှိရင် အဲဒီတိုင်ကြားတဲ့ဟာတွေကို ကျွန်တော်တို့က မှန်၊ မမှန် စုံစမ်းစစ်ဆေးတာတို့ရှိတယ်။ ပြီးရင် တကယ်လို့များမှန်ခဲ့လို့ရှိရင် စစ်စည်းကမ်းအရ အရေးယူတာတွေရှိပါတယ်"

သမီးလှကျေးရွာမှာ လက်ဝတ်လက်စားတွေ၊ ငွေကြေးတွေကို အိမ်တွင်းထဲကနေ မွှေနှောက်ယူဆောင် သွားတာနဲ့ပတ်သက်လို့ ဒေသခံလွှတ်တော်ကိုယ်စားလှယ်တွေဘက်ကလည်း အသေးစိတ်အချက် အလက်တွေကို ကွင်းဆင်း ကောက်ယူနေကြပါတယ်။

ဒါပေမဲ့ အဲဒီသက်သေအထောက်အထားတွေနဲ့ပတ်သက်လို့ ဘယ်လိုဆောင်ရွက်မယ်ဆိုတာကတော့ သူတို့ရဲ့ ပါတီတာဝန်ရှိသူတွေနဲ့ ဆွေးနွေးရဦးမှာဖြစ်တယ်လို့ဆိုပါတယ်။

ရက္ခိုင့်တပ်မတော် AA နဲ့ အစိုးရတပ်မတော်တို့အကြား တိုက်ပွဲတွေနဲ့ဆက်နွယ်ပြီး ထိခိုက်ဒဏ်ရာရရှိတဲ့ ဒေသခံ ၁၃ ဦးခန့် ရှိပြီးတော့ နှစ်ဖက်လက်နက်ကိုင်အဖွဲ့တွေရဲ့ အခြေအနေကိုတော့ အတိအကျ အတည်ပြုလို့ မရသေးပါဘူး။

ဒီတိုက်ပွဲတွေဟာ AA ကို တပ်မတော်က အကြမ်းဖက်သောင်းကျန်းသူအဖြစ် သတ်မှတ်ပြီး ချေမှုန်းတိုက်ခိုက်နေတာကြောင့်ဖြစ်တယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက RFA ကို ပြောပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA က ရခိုင်ပြည်နယ် ရသေ့တောင်၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်းမြို့နယ်တွေမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၅ ရက်နေ့အထိ စစ်ပွဲတွေကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသူ လူဦးရေ ၅၂၀၀ ခန့်ရှိနေတယ်လို့ ဒီနေ့ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

တိုက်ပွဲကြောင့် ထိခိုက်တဲ့နေရာဒေသတွေကို သွားလာခွင့်တားမြစ်ထားတာကြောင့် လုပ်ဆောင်ဆဲ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းတွေအပေါ် အကျိုးသက်ရောက်မှု ရှိနေတယ်လို့လည်း ဒီနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်ခင်ဗျာ။

ဒီသတင်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင် ပေးပို့တာပါ။
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */