Saturday, April 4, 2026

ပြည်နယ် ပြည်သူ့ကောင်စီဝင် ဆရာ ဦးဆွာလေအမတ် (၁၉၁၉-၁၉၈၉)

ပြည်နယ် ပြည်သူ့ကောင်စီဝင် ဆရာ ဦးဆွာလေအမတ် (၁၉၁၉-၁၉၈၉)

 
ဆရာဦးဆွလေအဟ်မတ် သည် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ဘော်လီဘာဇား ဇာတိဖြစ်သည်။ ဖခင်မှာ အာမာန်အလီမျာဖြစ်ပြီး၊ မိခင်မှာစူရတုန်နီဆာ ဖြစ်သည်။ မွေးချင်း ၇ ယောက်အနက် ဒုတိယမြောက်သား ဖြစ်သည်။ ဘော်လီမျိုးနွယ်စုမှ ဆင်းသက်လာ၍ ဆွာလေမာခ်ျထောရ်ဟု လူသိများသူတစ်ဦးဖြစ်သည်။ ဆရာသည် မြို့ပိုင် ဖရုတ်အမတ်နှင့် ယောက်ဖအရင်း တော်စပ်သည်။ 
 
ဆရာဦးဆွာလေအမတ်သည် ငယ်စဉ်က ဘော်လီဘာဇား အူရ်ဒူကျောင်းတွင် အခြေခံပညာကို သင်ယူခဲ့ပြီး အဆင့်မြင့်ပညာကို စစ်တွေ အင်္ဂလိပ်-ဗမာကျောင်းတွင် ဆည်းပူးတတ်မြှောက်ခဲ့သည်။ ဆရာဆွာလေအဟ်မတ်သည် ဘာသာရေးကိုင်ချိုင်းသူ ဖြစ်ပြီး အားကစား၌လည်း ဝါသနာကြီးသည်။ စည်းကမ်းသေဝပ်သူလည်း ဖြစ်သည်။
မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီးနောက် ဘော်လီဘာဇား အမျိုးသားကျောင်းတွင် ကျောင်းဆရာအဖြစ် စတင်သင်ပြခဲ့သည်။ ဘော်လီဘာဇား အမျိုးသားကျောင်းကို အဆင့် မြင့်တင်ရန် ဆရာဆွာလေအမတ်၏ ရုန်းကန်အားထုတ်မှုက မနည်းလှချေ။ တပည့်သားများကို ခေတ်ပညာရေးဘက်တွင်သာမက ဘာသာရေးဘက်တွင်လည်း ကြံ့ခိုင်ဖွံ့ဖြိုးလာအောင် အပတ်တကုပ် ကြိုးစားခဲ့သူဖြစ်သည်။ " Din-dórmor súwan sará elom behazor" အဓိပ္ပာယ်- ဘာသာတရား ပဲ့နင်းမပါတဲ့ ပညာက အရာရောက်မှာ မဟုတ်ဘူး လို့ ဆရာ ဆွာလေအမတ်က တပည့်များကို မကြာခဏ ပြောဆိုဆုံးမလေ့ရှိခဲ့သည်ကို တပည့်တစ်ယောက်က သတိရရ ပြောပြခဲ့သည်။ ဆရာဦးဆွာလေအမတ်၏ ကျောင်းဆရာဘဝအတွင်း ပညာတတ်ပေါင်းများစွာ မွေးထုတ်ပေးခဲ့သည်။ ယနေ့ထက်တိုင် ဆရာကြီး၏ တပည့်များ ဂုဏ်ရောင်ဝင်းဝါလျက် သက်ရှိထင်ရှား ရှိနေသေးသည်။ 
 
ဆရာဦးဆွာလေအမတ်သည် ၁၉၇၄ ခု ပြည်နယ် ပြည်သူကောင်စီဝင်အဖြစ် မောင်တောမဲဆန္ဒနယ် (၉) မှ ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရသည်။ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများစွာ ဆောင်ရွက်ပေးခဲ့သည်။ ၁၉၇၉ ခုတွင် ဒုက္ခသည်များဆိုင်ရာ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချပေးရေး နှင့်စပ်လျဉ်း၍ အစိုးရမှ ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
ဆရာဦးဆွာလေအမတ် တွင် သား(၃)ယောက်၊ သမီး (၃)ယောက် ထွန်းကားခဲ့သည်။ ဆရာသည် တိုင်းပြည်အကျိုး၊ လူမျိုးအကျိုးကို ထမ်းရွက်ရင်း ၁၉၈၉ ခု အသက် (၇၀) တွင် ဇာတိမြေ ဘော်လီဘာဇား၌ ကွယ်လွန်ခဲ့ရှာသည်။
- လူထုဝဏ္ဏ
(၄-၁၀-၂၀၂၁)

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */