RFA
မြန်မာဌာန | သတင်းများ
ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2021-09-30
သာမန်ကျောင်းဆရာတစ်ဦးဖြစ်တဲ့ ဦးမိုဟစ်အူလာဟာ ၂၀၁၉ ခုနှစ်က ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကုတုပလောင် ဒုက္ခ သည်စခန်းမှာ ရိုဟင်ဂျာ ဒုက္ခသည် နှစ်သိန်းလောက် တက်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံကနေ ရိုဟင်ဂျာတွေ သိန်းနဲ့ချီပြီး ထွက်ပြေးခဲ့ရတဲ့ ဖြစ်ရပ် နှစ်ပတ်လည် အခမ်းအနားကို ဦးဆောင်ကျင်းပခဲ့ပြီးတဲ့နောက် ရိုဟင်ဂျာ ဒုက္ခသည် တွေရဲ့ ခေါင်းဆောင်တစ်ဦးအဖြစ် ထင်ရှားလာခဲ့သူဖြစ်ပါတယ်။
အဲဒီနှစ်ထဲမှာပဲ ကမ္ဘာအရပ်ရပ်က ဖိနှိပ်ခံဘာသာရေးခေါင်းဆောင်တွေ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံတဲ့ အခမ်းအနားမှာ ပါဝင်ခဲ့ပြီး၊ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမှာ ပြုလုပ်တဲ့ ကုလသမဂ္ဂ လူ အခွင့်အ ရေးညီလာခံမှာလည်း တက်ရောက်စကားပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကတော့ ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ ခေါင်းဆောင်တစ်ဦးအဖြစ် လက်ခံထားကြတဲ့ ဦးမိုဟစ်အူ လာဟာ သူ့ရဲ့ရုံးခန်းအနီးမှာ အမည်မသိ သေနတ်သမားတစ်စုက သေနတ်နဲ့ပစ်ခတ်ပြီး လုပ်ကြံသတ်ဖြတ်တာ ခံလိုက်ရပါတယ်။
ရဲတွေက သူ့ကိုလာပြီးစောင့်ရှောက်ပေးသင့်ပါတယ်။ ခုတော့ သူ သေနတ်နဲ့ အပစ်ခံရပြီးတဲ့နောက်မှာတောင် ရဲတွေ တော်တော်နဲ့ ရောက်မလာခဲ့ပါဘူးလို့ ဦးမိုဟစ်အူလာရဲ့ ဇနီးဖြစ်သူက ပြောသွားတာဖြစ်ပါတယ်။
ဦးမိုဟစ်အူလာရဲ့ညီဖြစ်သူကတော့ သူ့အစ်ကိုဖြစ်သူဟာ ပြီးခဲ့တဲ့လတွေအတွင်းမှာ အာဆာအဖွဲ့ကနေအသက် အန္တ ရာယ် ခြိမ်းခြောက်မှုတွေခံခဲ့ရကြောင်း၊ အခုလုပ်ကြံသတ်ဖြတ်မှုမှာလဲ အနည်းဆုံး လူရှစ်ယောက်လောက် က ဝိုင်းပြီး တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ပြောပါတယ်။
အာဆာတပ်ဖွဲ့တွေက သူ့ကိုလုပ်ကြံသတ်ဖြတ်သွားတာဖြစ်ပါတယ်။ သူတို့က ကျွန်တော့် အစ်ကိုကို ဖုန်းနံပါတ်အမျိုး မျိုးနဲ့ ခြိမ်းခြောက်တဲ့ စကားတွေ ပြောခဲ့ပါတယ်။ အာဆာအဖွဲ့ဟာ ကျွန်တော့်အစ်ကိုကို သတ်ရုံတင်မ ဟုတ်ပဲ၊ ကျွန်တော်တို့ အားလုံးရ့ ခေါင်းဆောင်ကောင်းတစ်ယောက်ကို သတ်လိုက်တာဖြစ်ပါတယ်။ ဒုက္ခသည်စခန်းထဲမှာ လေးစားထောက်ခံသူတွေ များပြားတာနဲ့ ရိုဟင်ဂျာတွေရဲ့အခွင့်အရေးအတွက် လုပ်ဆောင်မှုတွေကြောင့် အသတ်ခံလိုက်ရတာလို့ ထင်ကြောင်း ပြောပါတယ်။
ရိုဟင်ဂျာဒုက္ခသည်စခန်းထဲက အခြားရပ်ရွာလူကြီးတွေနဲ့လူ့အခွင့်အရေးလှုပ်ရှားသူတွေကလည်း ဦးမိုဟစ်အူ လာဟာ အာဆာအဖွဲ့ဆီက အသက်အန္တရာယ် ခြိမ်းခြောက်မှုတွေ ရင်ဆိုင်နေရတာ မှန်ကန်ကြောင်းနဲ့ အခု လုပ်ကြံ သတ်ဖြတ်မှုဟာလည်း အာဆာအဖွဲ့က လုပ်ဆောင်ခဲ့တာ သေချာကြောင်း AFP သတင်းဌာနကို ပြောကြားခဲ့ကြပါတယ်။
ဦးမိုဟစ်အူလာကို လုပ်ကြံသတ်ဖြတ်မှုဟာ အာဆာအဖွဲ့နဲ့ ပတ်သက်နေတယ်ဆိုတဲ့ ပြောဆိုချက်တွေနဲ့ ပတ် သက်ပြီး မနေ့ကအထိတော့ အာဆာအဖွဲ့ဆီက တုံ့ပြန်မှု မရှိသေးပါဘူး။
ရိုဟင်ဂျာဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Refugee International အဖွဲ့က Daniel Sullivan ကတော့ ဦးမိုဟစ်အူလာ လုပ်ကြံသတ်ဖြတ်ခံလိုက်ရတာ ရိုဟင်ဂျာ အသိုက်အဝန်းအတွက် အစားထိုးမရတဲ့ ဆုံးရှုံးမှုဖြစ်ကြောင်းနဲ့ ရိုဟင်ဂျာတွေ အခွင့်အရေးနဲ့ ဒုက္ခသည် တွေ မြန်မာနိုင်ငံ ပြန်နိုင်ဖို့ သူ့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေဟာ ရပ်တန့်သွားမှာ မဟုတ်တဲ့အကြောင်း ပြောပါတယ်။
အမေရိကန်နိုင်ငံ အခြေစိုက် ရိုဟင်ဂျာအခွင့်အရေး လှုပ်ရှားသူနဲ့ ဘူးသီးတောင်မြို့နယ် လွှတ်တော် အမတ်ဟောင်း ဦးရွှေမောင်ကတော့ ရိုဟင်ဂျာခေါင်းဆောင်တစ်ဦးအဖြစ် ထင်ရှားလာတဲ့ ဦးမိုဟစ်အူလာဟာ ရိုဟင်ဂျာတွေ မြန်မာ နိုင်ငံကို ပြန်နိုင်ရေးအတွက် အင်တိုက်အားတိုက် လုပ်ဆောင်နေသူဖြစ်တဲ့အတွက် ပစ်မှတ် ထားပြီး သတ်ဖြတ်ခံရတာလို့ သုံးသပ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ ရိုဟင်ဂျာဒုက္ခသည်အများစုဟာ အေးအေးချမ်းချမ်း နေကြပေမယ့်၊ ဒီသိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေကို ခေါင်းပုံဖြတ် အမြတ်ထုတ်ပြီး ဒုစရိုက်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ဂိုဏ်း ဂဏဆန်ဆန်အဖွဲ့တွေ ရှိနေတဲ့အကြောင်းလည်း ဦးရွှေမောင်က ပြောပါတယ်။
အခုအချိန်မှာ ဦးမိုဟစ် အူလာ လုပ်ကြံသတ်ဖြတ်ခံရတဲ့ ဖြစ်ရပ်အတွက် တာဝန်ရှိသူ ဘယ်သူဆိုတာ ပြောနိုင်ဖို့ စောသေးပေမယ့်၊ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေထဲမှာ ဂိုဏ်းဂဏ ဆန်ဆန်ဖွဲ့စည်းပြီး ဒုစရိုက်မှုတွေ ကျူးလွန် နေတဲ့အုပ် စုတွေ ရှိတာ မှန်ကန်ကြောင်းနဲ့ ရိုဟင်ဂျာတွေ အိမ်ပြန်နိုင်ရေး လုပ်ဆောင်နေတဲ့အတွက် ဦးမိုဟစ် အူလာကို လုပ်ကြံသတ်ဖြတ်လိုက်သလားဆိုတာကိုတော့ မပြောနိုင်ကြောင်း Refugee International က Daniel Sullivan က RFA ကို ပြောပါတယ်။
မနေ့က ကြာသပတေးနေ့မှာတော့ ကုတုပလောင်ဒုက္ခသည်စခန်းမှာ အာဏာပိုင်တွေက လုံခြုံရေးအခြေအေနေ တွ တင်းကြပ်ထားတာတွေ့ရပါတယ်။
ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေကတော့ ဦးမိုဟစ်အူလာကို ပစ်ခတ်သတ်ဖြတ်သွားတဲ့ သေနတ်သမား အနည်း ဆုံး လေးဦးလောက်ရှိပြီး ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ လေ့လာစုံစမ်းနေဆဲဖြစ်ကြောင်းနဲ့ အခုအချိန်ထိ ဘယ်သူ့ကိုမှ ဖမ်းဆီးထားတာမရှိသေးကြောင်း ထုတ်ပြန်ထားပါတယ်။
Link : Here
No comments:
Post a Comment