Sunday, March 21, 2021

မြန်မာ့အရေးအတွက် CSO အဖွဲ့တွေ လုံခြုံရေးကောင်စီကို တောင်းဆို

VOA
ဗွီအိုအေ (မြန်မာဌာန)
စုမြတ်မွန်
21 မတ်၊ 2021 
ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာနိုင်ငံအတွက် ထိထိရောက်ရောက် ဆောင်ရွက်ပေးတာ မရှိသေးတဲ့ အတွက် အခြေအနေတွေဟာ စိုးရိမ် ထိတ်လန့်စရာ အခြေအနေတွေ ရောက်ခဲ့တယ်လို့ မြန်မာနိုင်ငံထဲက လူ ထုအခြေပြုအဖွဲ့ ၅၀၀ နီးပါးက ပြောကြားလိုက်ပါတယ်။ စစ်ခေါင်းဆောင်တွေရဲ့ လုပ်ရပ်အတွက် နိုင်ငံတကာ ရာဇ ဝတ်တရားရုံး ICC ကိုတင်ပြဖို့တောင်းဆိုချက်အပါအဝင်၊ တောင်းဆိုချက်တွေကိုလည်း ကြေငြာချက်ထဲ မှာ လုံခြုံ ရေးကောင်စီကို တောင်းဆိုထားပါတယ်။ ဖြစ်လာဖို့ မလွယ်တာမှန်ပေမယ့် ဖြစ်လာနိုင်တဲ့ အခြေအေ နတွေ ရှိတယ်လို့ တောင်းဆိုသူတွေထဲမှာပါတဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ မဝေဝေနု က ပြောပါတယ်။ မစုမြတ်မွန် က မဝေဝေနုကို ဆက်သွယ်မေးထားပါတယ်။

မေး ။ ။ မင်္ဂလာပါ မဝေဝေနုရှင့်။ VOA မြန်မာပိုင်းအစီအစဉ်က ကြိုဆိုပါတယ်။ အခု မဝေဝေနုတို့ရဲ့ လူထု အ ခြေပြုအဖွဲ့ ၅၀၀ နီးပါး၊ ၄၈၈ ဖွဲ့ကနေ ကြေငြာထုတ်ပြီးတော့ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းထားတဲ့သူတွေရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကို ရပ်သွားအောင်လို့ တောင်းဆိုတယ်။ အဲဒီထဲမှာ ဘာပါလဲဆိုတော့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကနေ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အခြေအနေတွေကို လေ့လာစောင့်ကြည့်ဖို့နဲ့ ကြားဝင်ဖြေရှင်း ပေးဖို့အတွက် အထူးအဖွဲ့ကို အမြန်ဆုံး စေလွှတ်ပါဆိုပြီးတော့ တောင်းဆိုထားတာပါပါတယ်။ ဆိုတော့ ဘယ် လိုမျိုး အဲဒီအဖွဲ့ကို သွားစေချင်ပြီးတော့၊ ဘယ်လိုမျိုး လေ့လာစောင့်ကြည့်မှုတွေကို လုပ်စေချင်တာလဲဆိုတာကို သိပါရေစရှင့်။

ဖြေ ။ ။ မင်္ဂလာပါ အမ။ ကျမတို့ လူမှုအဖွဲ့အစည်းတွေက အရင်တုန်းကလဲ ဖေဖေါ်ဝါရီလတုန်းကလဲ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို စာတွေပေးပို့ခဲ့ပါတယ်။ သို့ပေမယ့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေ ဆုံးဖြတ်ချက် ထွက်လာတာ မဟုတ်ဘဲနဲ့ ထုတ်ပြန်ချက် ထွက်လာတာမျိုးတွေ ထွက်လာခဲ့ပါတယ်။ ထုတ်ပြန်ချက်က အတိုင်း အတာတခုအထိ ထိရောက်တယ်။ နောက်ပြီးတော့ ပြင်းထန်တယ်ဆိုပေမယ့်လဲ ထိရောက်တဲ့ အရေးယူ ဆောင်ရွက်မှုတွေ မပါဝင်လာဘူး။ အဲဒီလို ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေအတွက်ဆို ကျမတို့က ကု လသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဆုံးဖြတ်ချက် resolution ဆိုတဲ့ဟာတွေ ထုတ်ရတာ ဖြစ်ပါတယ်။ ဆိုတော့ ဒါ တွေဖြစ်လာဖို့အတွက် အခုတခါ ထပ်ပြီးတော့ statement ထုတ်ပြီးတော့ ကြေငြာချက်လို့ ထုတ်ပြီးတော့ ထပ်မံ ပြီးတော့ တောင်းဆိုတဲ့သဘောမျိုး ဖြစ်ပါတယ်။

အဲဒီအထဲမှာမှ အမ ပြောသလိုမျိုးပဲ လုံခြုံရေးကောင်စီကနေ မြန်မာပြည်မှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအေ န တွေ၊ အထူးသဖြင့် သတ်ဖြတ်မှုတွေ၊ မတရားဖမ်းဆီးမှုတွေ၊ ညှဉ်းပမ်းနှိပ်စက်မှုတွေ၊ အပြစ်မဲ့တဲ့ ပြည်သူတွေ ကို ဒီလိုမျိုး ညှဉ်းပမ်းနှိပ်စက်မှုတွေကို လေ့လာစောင့်ကြည့်ဖို့နဲ့ နိုင်ငံရေးပြဿနာတွေကို ကြားဝင်ညှိနှိုင်စေ့ စပ် ပေးဖို့ ကိုယ်စားလှယ်အဖွဲ့ကိုလည်း တောင်းဆိုထားတာ ဖြစ်ပါတယ်။ အဲဒါကတော့ လောလောဆယ် တောင်း ဆိုနေပါတယ်။

မေး ။ ။ လုံခြံရေးကောင်စီက သူ့ရဲ့ တုံ့ပြန်မှုက မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး လက်တွေ့ထိထိရောက်ရောက် မရှိသေးတဲ့အတွက်ကြောင့် အခုမြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အခြေအနေတွေက ပိုပြီးတော့ ဆိုးနေတယ်လို့ မဝေဝေနု တို့ ထုတ်ပြန်ချက်ထဲမှာလည်း ရေးထားပါတယ်။ ဆိုတော့ အခုတခေါက်တောင်းဆိုတဲ့ မဝေနုတို့ တောင်း ဆိုနေသလိုမျိုး သူတို့ဘက်က တုံ့ပြန်မယ်လို့ မျှော်လင့်သလား။ ဘာဖြစ်လို့လဲဆိုတော့ အထူးသဖြင့် လုံခြုံရေး ကောင်စီ အမြဲ တမ်းအဖွဲ့ဝင်ထဲမှာဆို တရုတ်၊ ရုရှားတို့ ပါဝင်နေတယ်ဆိုတော့ ကိုယ့်ဘက်က ဖြစ်စေချင်သလို၊ တောင်းဆိုမှုတွေ ဖြစ်လာနိုင်ဖို့အတွက်က လွယ်နိုင်ပါ့မလား။

ဖြေ ။ ။ ပြောမယ်ဆိုရင်တော့ နိုင်ငံတခုရဲ့ နိုင်ငံရေးအခြေအနေတွေမှာ ဆုံးဖြတ်ချက်တခု ကုလသမဂ္ဂကနေ ထွက်လာဖို့ဆိုတာ မလွယ်ကူပါဘူး။ မြန်မာပြည်အရေးကိစ္စမှာမှ မဟုတ်ဘူး။ ဘယ်အရေးကိစ္စမှာမှ မလွယ်ကူ ပါဘူး။ မြန်မာပြည်အရေးမှာဆိုလဲ အခုနလို တရုတ်၊ ရုရှားတို့ကနေ မြန်မာအစိုးရတွေဘက်က၊ ဒါမှမဟုတ် စစ်တပ်ဘက်ကနေ ကာကွယ်ပေးနေလေ့ ရှိတယ်။ သို့ပေမဲ့ ကျမတို့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ကုလသမဂ္ဂရဲ့ ဖွဲ့စည်းပုံ။ လုံခြုံရေးကောင်စီရဲ့ ဖြစ်တည်ပုံ အနှစ်သာရတွေကို ပြန်ကြည့်မယ်ဆိုရင် လုံခြုံရေးကောင် စီအနေနဲ့ လေးစားလိုက်နာရမယ့် သူတို့ရဲ့တာဝန်နဲ့ ဝတ္တရားတွေ ရှိပါတယ်။ အဲဒီတာဝန်နဲ့ ဝတ္တရားတွေအရ ကျမတို့က ဒီအချက် အလက်တွေကို တောင်းဆိုနေတာ ဖြစ်ပါတယ်။ ဒီလိုကိစ္စရပ်တွေက မလွယ်ကူပါဘူး။ ကြန့်ကြာတတ်ပါတယ်။

သို့ပေမယ့် ကျမတို့ဟာ ကျမတို့ပြည်သူတွေအနေနဲ့ လုပ်ရမယ့်တာဝန်ရှိတယ်။ ကျမတို့ ရသင့်ရထိုက်တဲ့ ကာ ကွယ်မှု၊ လုံခြုံမှုပေးဖို့ တောင်းဆိုခွင့်ကို ကျမတို့က တောင်းဆိုဖို့ရှိတယ်။ အဲဒီအခါကြတော့ တဖြည်းဖြည်းချင်း တွန်းသွားရ မှာ ဖြစ်တယ်။ ဒါပေမဲ့ လုံးဝမဖြစ်လာနိုင်ဘူးဆိုတာတော့ မဟုတ်ပါဘူး။ လက်တွေ့မှာ ဖြစ်လာနိုင်တဲ့ အနေအထားတွေလည်း အများကြီးရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်အုပ်စုအနေနဲ့ နှစ်ပေါင်းမြောက်မြားစွာ ပြည်သူတွေအပေါ် ကျူးလွန်ထားတဲ့ ပြစ်မှုတွေက အများကြီး ဖြစ်ပါတယ်။ ကုလသမဂ္ဂကိုယ်တိုင် စနစ်တကျ မှတ်တမ်းတင်ထားတဲ့ မှတ်တမ်းတွေ၊ Fact Finding Mission က ပြုစုထားတဲ့ မှတ်တမ်းတွေအရ သူတို့ရဲ့ ကျူး လွန်မှုတွေက အင်မ တန် ကြီးမားပါတယ်။ အဲဒီအတွက်ကြောင့်မို့ အခုထပ်ထပ်ပြီး ကျူးလွန်လာတဲ့ ကျူး လွန်မှု တွေနဲ့ ပေါင်းစပ်လာပြီးဆိုတော့ ကုလသမဂ္ဂအနေနဲ့ ငြင်းပယ်လို့ ပစ်ပယ်ထားလို့ မြန်မာပြည်ရဲ့အရေးကို ပစ် ပယ် ထားလို့ မရတဲ့ အနေ အထားကို ရောက်သွားပြီးတော့ တုံ့ပြန်ရမှာ ဖြစ်ပါတယ်။ အဲဒီအခါကြတော့ နောက် ဆုံး တွန်းရင်းတွန်းရင်းနဲ့ တ ချိန် ကျရင်တော့ ရုရှား၊ တရုတ်တို့ လက်ခံလာရမှာ ဖြစ်ပါတယ်။

မေး ။ ။ မဝေနုတို့ တောင်းဆိုတဲ့ တောင်းဆိုချက်ထဲမှာ နောက်တချက်ပါတာက စစ်အာဏာသိမ်းထားသူတွေရဲ့ လုပ်ရပ်ကို ICC နိုင်ငံတကာရာဇဝတ်တရားရုံးအထိ တင်ပေးပါဆိုပြီးတော တောင်းဆိုတာလည်း ပါပါတယ်။ အဲဒါကရော တကယ်လက်တွေ့ဖြစ်လာဖို့ လွယ်ပါသလား။

ဖြေ ။ ။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တောင်းဆိုတဲ့ တောင်းဆိုချက်တွေဟာ ဖြစ်လာဖို့ဟာ မလွယ် ကူပါ ဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီလို ဖြစ်လာဖို့ အဆင့်တွေ အများကြီးရှိတယ်။ အရင်ဆုံး သူတို့ အစည်းအေ ဝးတွေ လုပ်ရမယ်။ အစည်းအဝေးလုပ်ပြီးတော့ ဆုံးဖြတ်ချက်တွေ ရေးရမယ်။ ဆုံးဖြတ်ချက်တွေ အကုန်လုံး သဘောတူမှ ဒါမျိုးတွေ ဖြစ်လာမှာ ဖြစ်ပါတယ်။ အခုန ICC ကို Refer လုပ်တယ်။ ICC ကို မြန်မာပြည်ရဲ့ အခြေ အနေကို ပို့တယ်ဆိုတဲ့ဟာကလဲ။ မလွယ်ကူပါဘူး။ သို့ပေမဲ့ ဖြစ်လာနိုင်တဲ့ အနေအထားက ရှိပါတယ်။ မလွယ် ကူပေမယ့် ဖြစ်လာဖို့ လိုအပ်ပါတယ်။ ဖြစ်လာနိုင်တဲ့ အနေအထားတွေလည်း ရှိပါတယ်။ ဘာကြောင့် လဲဆို တော့ စောစောက ပြောခဲ့သလိုမျိုး စစ်တပ်ကနေ အပြစ်မဲ့တဲ့ ပြည်သူတွေအပေါ်မှာ၊ လူနည်းစုတွေအပေါ်၊ လူ မျိုး စုတွေအပေါ်မှာ ကျူးလွန်ထားတဲ့ ပြစ်မှုတွေဟာ နိုင်ငံတကာရာဇဝတ်မှုတွေ ဖြစ်ပါတယ်။ အခုဆက် လက် ပြီးတော့ ကျူးလွန်နေတဲ့ ပြစ်မှုတွေဟာလည်း နိုင်ငံတကာရာဇဝတ်မှု ဖြစ်ပါတယ်။

အခုဆိုလို့ရှိရင် လူ့အခွင့်အရေး အဖွဲ့အစည်းတွေနဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကိုယ်စားလှယ်ကအစ ဒီမှာလက်ရှိဖြစ်ပေါ်နေတဲ့ ရာဇဝတ်မှုတွေဟာဆိုရင် ဒါက လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့အမှုတွေ ဖြစ် တယ်လို့ ပြောနေကြပြီဖြစ်တယ်။ ဒါတွေကို နိုင်ငံတကာအနေနဲ့ စုံစမ်းစစ်ဆေးပြီးတော့ အရေးယူဖို့ လိုနေ တယ်လို့ ပြောနေကြပြီ။ ဆိုတော့ ကျမတို့က ဒီလိုရာဇဝတ်မှုတွေ ဖြစ်လာပြီဆိုရင် ကုလသမဂ္ဂ လုံခြုံရေးကောင် စီကနေ တာဝန်ယူပြီးတော့ ဖြေရှင်းပေးရတယ်။ အဆုံးသတ်ပေးရတယ်။ တာဝန်ယူမှု တာဝန်ခံမှုတွေကို ရှိ အောင် လုပ်ပေးရတယ်။ ကျူးလွန်သူတွေအပေါ်မှာ။ ဒါက သူတို့ရဲ့ တာဝန်ဖြစ်တယ်။ အဲဒီတော့ သူတို့တာဝန် ကို သူတို့က အကောင်အထည်ဖော်ဖို့ နှောင့်နှေးနေတဲ့အတွက်ကြောင့်မို့ ကျမတို့က တိုက်တွန်းရတာ ဖြစ်တယ်။

နောက်တချက်က ဒီနေရာမှာ ကျမတို့ စဉ်းစားရမှာက ICC နိုင်ငံတကာရာဇဝတ်ခုံရုံးကနေ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ မြန်မာပြည်အပေါ်မှာ စုံစမ်းစစ်ဆေးမှုကို မြန်မာစစ်တပ်ရဲ့ ကျူးလွန်မှုတွေကို စုံစမ်းစစ်ဆေးမှုတွေကိုစတင် စစ်ဆေးနေပြီ ဖြစ်တယ်။ ရိုဟင်ဂျာတွေကို အတင်းအဓမ္မ တိုင်းပြည်ကနေ နှင်ထုတ်ခဲ့တဲ့ ကိစ္စ ရပ်ကို လူသားမျိုးနွယ်စုအပေါ်မှာ ကျူးလွန်တဲ့ ရာဇဝတ်မှုအနေနဲ့ ICC ကနေ သူ့အစီအမံနဲ့သူ စုံစမ်းစစ်ဆေး မှုတွေ ပြုလုပ်နေတာ ရှိပါတယ်။ အဲဒီအခါကြတော့ ကုလသမဂ္ဂအနေနဲ့ ကျမတို့ တောင်းဆိုချက်တွေနဲ့ ထည့် သွင်းစဉ်းစားပြီးတော့ လက်ရှိစုံစမ်းစစ်ဆေးနေတဲ့ Process ဖြစ်စဉ်မှာ ထည့်သွင်းပြီးတော့ မြန်မာပြည်အရေးကို Refer လုပ်တယ်ဆိုရင်တော့ ကျမတို့ ကျယ်ကျယ်ပြန့်ပြန့် စုံစမ်းစစ်ဆေးပြီးတော့ ကျူးလွန်တဲ့လူတွေကို အပြစ် ပေးအရေးယူလို့ ရမှာဖြစ်ပါတယ်။ ဆိုလိုချင်တာက လက်ရှိရှိနေပြီသား Process ရှိတယ်။ နောက်ပြီးတော့ ICJ မှာလည်း Genocide ကျူးလွန်ထား တဲ့ဆိုတဲ့ အမှုဖြစ်စဉ်ရှိတယ်။ ဒီတော့ အခြေခံအကြောင်းရင်းတွေ ရှိနေပြီ သား ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျမတို့ ဒီဘက်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို ICC ကို ပို့ဖို့အတွက် တွန်းအားပေးတယ်ဆိုလို့ရှိရင် ဖြစ်လာနိုင်စရာ အလားအလာရှိတယ်။ ဖြစ်လာနိုင်ချေရှိတယ်။ ကျူးလွန် မှုတွေ ကလည်း ရှိနေတယ်ဆိုတော့ ကျမတော့ အဲဒီလိုမျိုး မြင်ပါတယ်။ ဒါကြောင့် လိုလည်းလိုအပ်တယ်။ ဒါကြောင့်မို့ ကျမတို့က တောင်းဆိုရတာ ဖြစ်တယ်။

မေး ။ ။ တကယ်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေ မဝေနုတို့ တောင်းဆိုထားတဲ့ တောင်းဆိုချက်တွေ အ တိုင်း လုပ်မပေးဘူးဆိုရင် ကုလသမဂ္ဂ ပဋိညာဉ်အရ အထွေထွေညီလာခံကန ဆုံးဖြတ်ပြီးတော့ လုပ်ပေးပါဆို ပြီးတော့ ပြောထားတာလည်း ပါပါတယ်ဆိုတော့ အဲဒါက ပြည်သူအများ မျှော်လင့်နေကြတဲ့ R2P ကိစ္စလို့ ထင် ပါတယ်။ အဲဒါ ဟုတ်ပါလားရှင့်။

ဖြေ ။ ။ အထွေထွေညီလာခံကနေ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို ကျမတို့ တိုက်တွန်းလို့ရတာ ရှိပါတယ်။ ကျမတို့ R2P လို့ ပြောတဲ့အခါမှာ မြန်မာပြည်မှာ အများနားလည်တာကတော့ ကုလသမဂ္ဂကနေ စစ်တပ်ကြီး နိုင်ငံတ ကာစစ်တပ်ကြီး ပို့ပြီးတော့ စစ်တိုက်ခိုင်းတယ်ဆိုတဲ့သဘောမျိုးကို နားလည်ထားတယ်လို့ ကျမ ယူ ဆပါတယ်။ ဆိုတော့ အမှန်တကယ်က Peace Keeping Force ပဲဖြစ်ဖြစ်၊ နိုင်ငံတကာစစ်တပ်စေလွှတ်ပြီးတော့ ငြိမ်းချမ်းရေးထိန်းသိမ်းတယ်ဆိုတာက R2P ရဲ့ နောက်ဆုံးအဆင့် ဖြစ်ပါတယ်။

ဒါကို ကျမတို့က သေသေချာချာ ကျေကျေလည်လည် ဆွေးနွေးပြီးမှ တောင်းဆိုရမယ့် ကိစ္စရပ် ဖြစ်ပါတယ်။ သို့ပေမဲ့ R2P မှာ အခြားသော Process တွေ အများကြီး ရှိပါတယ်။ အဲဒီမှာမှ သတိပေးစောင့်ကြည့်ရာက၊ အေ ရး ယူတဲ့အဆင့်တွေ အများကြီး ရှိပါတယ်။ အဲဒီအရေးယူမှုတွေထဲမှာ အခုနပြောတဲ့ စီးပွားရေးပိတ်စို့အရေး ယူတာတွေ။ နောက်တခါ လက်နက်ရောင်းဝယ်မှုတွေ ပိတ်ပင်တာတွေ။ နောက်တခါကြတော့ ICC ပို့တာ တွေအထိ ဒါတွေက R2P Process တွေထဲမှာ ပါပါတယ်။ အရေးယူဆောင်ရွက်မှုတွေထဲမှာ ပါဝင်ပြီသား ဖြစ်ပါ တယ်။ ဒါက Imply ဖြစ်တယ်။ အထူးတလည် မပြောဘဲနဲ့ ဒါတွေက ပါဝင်ပြီးသာကိစ္စရပ်တွေ ဖြစ်တယ်။ ဒါ့ အပြင် အခုနလိုမျိုး ကုလ သမဂ္ဂ လုံခြုံရေးကောင်စီကနေ မြန်မာနိုင်ငံအတွက်ကို အခြေအနေတွေ လေ့လာ စောင့်ကြည့်ပြီးတော့ ကြားဖြတ်ညှိနှိုင်းဆွေးနွေးပေးမယ့် ကိုယ်စားလှယ်အဖွဲ့ Body တခုကို လွှတ်ဖို့ဆိုတဲ့ဟာက လဲ R2P ရဲ့ Framework ထဲမှာ ပါဝင်တဲ့ကိစ္စရပ် ဖြစ်ပါတယ်။

ပြောမယ်ဆိုရင် ကျမတို့ တောင်းဆိုနေတာတွေဟာ Responsible to Framework အောက်ထဲမှာ ပါဝင်တဲ့ အ ချက်တွေ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျမတို့ စစ်တိုက်ဖို့ ခေါ်နေတဲ့ဟာမျိုးတော့ ချက်ချင်းလက်ငင်း မဟုတ်သေး ပါ ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုကိစ္စရပ်က အခုနကပြောသလို သေသေချာချာ ဘက်ပေါင်းစုံနဲ့ ဆွေးနွေးပြီး တော့ သေ ချာအခြေအနေ အတိုင်းအတာတခုအထိ ရောက်တဲ့အခါမှာ ပြောဆိုဆွေးနွေးရမယ့် ကိစ္စရပ် ဖြစ် တယ်။

မေး ။ ။ ဆိုတော့ ကုလသမဂ္ဂက သူ့ရဲ့အဖွဲ့ဝင်နိုင်ငံတွေကို R2P နဲ့ အကာအကွယ်ပေးဖို့ဆိုရင် Condition တွေ ရှိတယ်ပေါ့။ အဲဒီအခြေအနေ လိုအပ်ချက်တွေက ဘာလဲဆိုတော့ အဲဒီနိုင်ငံမှာ လူမျိုးတုန်းသတ်ဖြတ်မှုတွေ ဖြစ်နေသလား။ နောက် စစ်ရာဇဝတ်မှု ကျူးလွန်မှုတွေ ဖြစ်နေသလား။ မျိုးနွယ်စုတွေကို ရှင်းလင်းသုတ်သင် မှုတွေ ဖြစ်နေသလား။ ဒါမှမဟုတ် လူသားထုအပေါ်မှာ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ဖြစ်နေပြီလား။ အဲဒီလိုမျိုး အချက် (၄) ချက် ဖြစ်ပြီဆိုရင်တော့ သူတို့က R2P လုပ်ငန်းစဉ်ကို စပါတယ်ဆိုတော့ မြန်မာနိုင်ငံမှာ လက်ရှိ စစ်အာဏာသိမ်းထားသူတွေ လုပ်နေတဲ့ လုပ်ရပ်တွေက ဒါမျိုးကျူးလွန်တဲ့ အခြေအနေတွေကို ရောက်နေ ပြီဆိုပြီးတော့ ကုလသမဂ္ဂက တ ရားဝင်ပြောတာမျိုးတွေ ရှိပါပြီလားရှင့်။

ဖြေ ။ ။ ဟုတ်ပါတယ်။ Responsibility to Protect ဆိုတဲ့ Framework က ဆိုရင် အခုနပြောတဲ့ ဆိုးဝါးဆုံးသော နိုင်ငံတကာရာဇဝတ်မှုတွေကို ကျူးလွန်တယ်ဆိုလို့ရှိရင် ဒါကို အသုံးပြုလို့ရတာ ဖြစ်ပါတယ်။ ဆိုတော့ ကုလ သမဂ္ဂ ပြောနေပြီလား၊ ရှိနေပြီလို့ ကျမတို့ဆီမှာ ရာဇဝတ်မှုတွေ ကျူးလွန်ပြီလားလို့ ပြောနေပြီလားဆိုတော့ သိပ်မကြာသေးခင်ကပဲ လွန်ခဲ့တဲ့ (၂) နှစ် (၃) နှစ် ကာလအတွင်းမှာ ကုလသမဂ္ဂရဲ့ လွတ်လပ်တဲ့ စုံစမ်းစစ် ဆေးရေးကော်မရှင်ကနေ စနစ်တကျ အသေးစိတ်ပြုစုထားတဲ့ အစီရင်ခံစာ ထွက်ရှိခဲ့တာ ရှိပါတယ်။

အဲဒီအစီရင်ခံစာထဲမှာဆိုရင် မြန်မာစစ်တပ်ကနေ ရိုဟင်ဂျာတွေကို လူမျိုးတုန်းသတ်ဖြတ်မှုတွေ လုပ်ခဲ့တယ်။ တခြားလူနည်းစု တိုင်းရင်းသားတွေကို စစ်ရာဇဝတ်မှုတွေသော်လည်းကောင်း ဒါမှမဟုတ် လူသားမျိုးနွယ်စု တွေ ကျူးလွန်တဲ့ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကိုသော်လည်းကောင်း ကျူးလွန်ခဲ့ပါတယ်ဆိုပြီးတော့ အသေး စိတ်ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ အဲဒီအစီရင်ခံစာ ထွက်ရှိခဲ့ပြီး (၂) နှစ်ကာလမှာ အခု စစ်အာဏာသိမ်းမှု ဖြစ်ပြီး တော့ နောက် ထပ်ကျူးလွန်မှုတွေ ထပ်ထပ်ပြီးတော့ ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။ အခုလောလောဆယ်မှာတော့ စစ်တပ်ကနေ အရပ်သားပြည်သူတွေရဲ့ ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်နေတဲ့ ပြည်သူတွေနဲ့ နောက်ပြီးတော့ CDM မှာ ပါဝင်နေတဲ့ လူတွေကို နှိမ်နင်းတာတွေ။ အထူးသဖြင့် သတ်ဖြတ်မှုတွေ၊ မတရားဖမ်းဆီးချုပ်နှောင်မှုတွေ၊ ညှဉ်းပမ်းနှိပ်စက်မှုတွေ ဒါတွေဟာ စနစ်တကျနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေပြီ။ ဒါကြောင့်မို့ ဒီလိုစနစ်တကျနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်တယ်ဆိုလို့ရှိရင် ဒါဟာ လူသားမျိုးနွယ်စုအပေါ်မှာ ကျူးလွန်တဲ့ ရာဇဝတ်မှုလို့ သတ် မှတ်လို့ ရပါတယ်။ ဒါကြောင့်မို့လို့လဲ လူ့အခွင့်အရေး စောင့်ကြည်တဲ့အဖွဲ့အစည်းတွေ၊ နိုင်ငံတကာ အဖွဲ့အ စည်းတွေ၊ ဥပဒေရေးရာအဖွဲ့တွေနဲ့ အဖွဲ့တွေအပါအဝင် ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အ ထူးကိုယ်စားလှယ်ကပါ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ အနေအထားဟာ လူသားမျိုးနွယ်စုတွေအပေါ် ကျူး လွန်တဲ့ ရာဇဝတ်မှုတွေ ဖြစ်တယ်ဆိုပြီးတော့ စတင်ပြောဆိုနေတာတွေကို တွေ့ရပါတယ်။

မစုမြတ်မွန် ။ ။ အခုလိုမျိုး အချိန်ပေးပြီး ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်။

မဝေဝေနု ။ ။ ဟုတ်ကဲ့ပါ။ ကျေးဇူးတင်ပါတယ် အမ။ 

 Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */