Saturday, April 18, 2020

ကျောက်တော်ပစ်ခတ်မှု ကလေး ၁ ဦးသေဆုံး၊ ရိုဟင်ဂျာ ၅ ဦးအပါအဝင် ၁၁ ဦးဒဏ်ရာရ

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
2020-04-17
 ရခိုင်ပြည်နယ် ကျောက်တော်မြို့အဝင် ကစ္ဆပ နဒီတံတားနဲ့ ကားဂိတ်ကြားမှာ မနေ့က တပ်မတော် စစ် ကြောင်း တစ်ခုကနေ ပစ်ခတ်လို့ ကလေး ၁ ဦးသေဆုံးပြီး နောက်ထပ် လူ ၁၁ ဦးထိခိုက်ဒဏ်ရာ ရခဲ့ကြ တာလို့ ဒေသခံတွေက RFA ကိုပြောပါတယ်။

ပစ်ခတ်မှုကြောင့် ကနဦး ရခိုင် ၆ ဦး၊ ဗမာ ၁ ဦးနဲ့ မွတ်စလင်ရိုဟင်ဂျာ ၅ ဦး ထိခိုက်ခဲ့တာဖြစ်ပေမယ့် ဒီ ၁၂ ဦး ထဲက အသက် ၁၄ နှစ်အရွယ် မောင်နေတိုးထွန်းကတော့ ဆေးရုံမှာတင် မနေ့ညက သေဆုံးသွားတယ်လို့ အကူအညီပေးနေသူတွေကပြောပါတယ်။

မောင်နေတိုးထွန်းဟာ ဦးခေါင်းမှာရရှိခဲ့တဲ့ ဒဏ်ရာနဲ့သေဆုံးသွားတာဖြစ်ပြီး ဒဏ်ရာပြင်းထန်တဲ့ နောက် တစ်ဦးကိုတော့ စစ်တွေဆေးရုံကို အရေးပေါ်ပို့ဆောင်လိုက်ရတယ်လို့ အကူအညီတွေပေးနေတဲ့ ကျောက် တော်မြို့ ဖြူစင်မေတ္တာ ပရဟိတလူမှုကူညီရေးအသင်း အတွင်းရေးမှူး ကိုစိုးမင်းကပြောပါတယ်။

စစ်တွေဆေးရုံကိုပို့ဆောင်လိုက်ရသူဟာ ပြည်မြို့က ဗမာအမျိုးသားဆောက်လုပ်ရေးလုပ်သားတစ်ဦးဖြစ်ပြီး တံတားနားမှာအလုပ်လုပ်နေရင်း ကျည်ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။

သေဆုံးသွားတဲ့ မောင်နေတိုးထွန်းဟာ ပစ်ခတ်မှုတွေဖြစ်ပွားချိန်အတွင်း အိမ်ကိုထွက်ပြေးရောက်ရှိလာရာ ကနေ လက်နက်ကြီးက သူ့အိမ်ရှေ့ကို ကျရောက်လာလို့ သူ့ရဲ့အဖေ၊ အမေ၊ ညီမ၊ ဦးလေး မိသားစုတစ်ခုလုံး ထိခိုက်ဒဏ်ရာတွေရခဲ့တယ်လို့ သိရပါတယ်။

မနေ့က ညနေ ၄ နာရီဝန်းကျင်လောက်မှာ တံတားနဲ့မလှမ်းမကမ်းမှာ ကျယ်လောင်တဲ့ ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာပြီးနောက် အချိန် ၁ နာရီနီးပါးလောက်ကြာအောင် လက်နက်ငယ်လက်နက်ကြီးသံတွေ ထွက် ပေါ် လာခဲ့တာလို့ ဒေသခံတွေကပြောကြပါတယ်။

ပစ်ခတ်မှုဖြစ်တဲ့တံတားချဉ်းကပ်လမ်းအောက်မှာ မွတ်ဆလင်ရိုဟင်ဂျာတွေနေထိုင်တဲ့ ပိုက်သည်ရွာရှိပြီး ရိုဟင်ဂျာ ၅ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ရွာခံရိုဟင်ဂျာမွတ်ဆလင် တစ် ဦး ကပြောပါတယ်။

ဒဏ်ရာရတဲ့ ရိုဟင်ဂျာမွတ်ဆလင် ၅ ဦးထဲမှာ အမျိုးသမီး ၃ ဦးနဲ့ အမျိုးသား ၂ ဦးဖြစ်ပြီး အဲဒီအထဲက အမျိုး သ မီးတစ်ဦးကိုတော့ အပေါက်ဝဆေးရုံကိုပို့ထားရပါတယ်။

ကျန်တဲ့လူနာတွေကိုလည်း ရွာမှာရှိတဲ့ဆေးခန်းမှာ ဆေးကုသမှုခံယူနေရတယ်လို့သူကပြောပါတယ်။ မနေ့ က ပစ်ခတ်မှုဟာ နှစ်ဖက်အပြန်အလှန်တိုက်ပွဲဖြစ်တာမဟုတ်ဘဲ တပ်မတော်စစ်ကြောင်းက ပစ်ခတ်ခဲ့တာ လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ မြို့ခံတစ်ဦးကပြောပါတယ်။

မနေ့ကဖြစ်စဉ်ဟာ တပ်မတော်စစ်ကြောင်းကို အေအေအဖွဲ့က ကားဂိတ်နဲ့တံတားကြားမှာ မိုင်းခွဲတိုက် ခိုက် တာကို အကြောင်းပြုပြီး အဲဒီတပ်မတော်စစ်ကြောင်းက သံသယရှိတဲ့နေရာတွေကို ပစ်ခတ်ခဲ့တာလို့ ဒေသခံ အချို့ကပြောဆိုတာတွေလည်း ရှိပါတယ်။

မနေ့ကဖြစ်စဉ်နဲ့ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကို RFA က ဆက်သွယ်မေးမြန်း ရာမှာတော့ သတင်းမှန်ပြန်ကြားရေးအဖွဲ့က အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက မနေ့က ညနေ ၄ နာရီခွဲခန့်မှာကျောက် တော် ကစ္ဆပနဒီတံတားအနီးမှာ AA က အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက် ခဲ့ တာ ရှိကြောင်း၊ အဲဒီနောက် ကျောက်တော်အဝေးပြေးကားဂိတ်အနီးမှာ AA အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ရတဲ့ အတွက် တပ်မတော်ဘက်က တုံ့ပြန်ပစ်ခတ်ခဲ့တာရှိကြောင်း ဖြေကြားပါတယ်။

အရင်ကလည်း ကျောက်တော်တံတားအနီး အဝေးပြေးကားဂိတ်ကနေ ပစ်ခတ်တဲ့အတွက် အပြန်အလှန်ပစ် ခတ်မှု ၄-၅ ကြိမ်ခန့် ဖြစ်ပွားခဲ့ဖူးပြီး အရပ်သားတွေ ထိမှန်တယ်ဆိုတာမျိုး ပြောဆိုတာတွေရှိကြောင်းလည်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ ဒီနေရာမှာ အရင်က တပ်မတော်အရာရှိတဦးနဲ့ စစ်သည်တဦးကို ကားပေါ်တင် ပြန်ပေးဆွဲ ဖမ်းဆီးပြီး သတ်ဖြတ်ခဲ့ဖူးတာရှိကြောင်းလည်း သူက ပြောပါတယ်။ တပ်မတော် အနေနဲ့ ဒီမြို့မှာ ၉ဝ ပြည့်နှစ်ကတည်းက စတင်တည်ရှိခဲ့တာဖြစ်ပြီး အရင်က အခုလို အဖြစ်မျိုးမရှိခဲ့ကြောင်း AA အဖွဲ့ ပေါ်လာမှ ဒီလိုတိုက်ပွဲတွေရှိကြောင်း၊ အရပ်သားတွေနဲ့ နီးတဲ့နေရာမှာ မိုင်းထောင်တိုက်ခိုက် တာ တွေ မလုပ်ဖို့၊ ဝေးတဲ့နေရာမှာ တိုက်ပွဲဖော်ဆောင်ဖို့ ပြောကြားခဲ့ဖူးကြောင်းလည်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က ပြောပါတယ်။

မနေ့က တိုက်ခိုက်ပစ်ခတ်မှုတွေအတွင်း တံတားအောက်က မီးသတ်ရုံးမှာဆောက်လုပ်ရေးမှာ ပန်းရံအဖြစ် အလုပ် လုပ်ကိုင်နေတဲ့ ဒေသခံ ၃ ဦးလည်း သတင်းအစအနမရဘဲ ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက ပြော ပါတယ်။

ကျောက်တော်မြို့နယ် ရခိုင်အမျိုးသားပါတီ(ANP)က ပြုစုထားတဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ကနေ မနေ့က ဧပြီလ ၁၆ ရက်နေ့အထိ ကျောက်တော်မြို့နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့ စစ်ရေးကာလ အ တွင်း သေဆုံးတဲ့အရပ်သားဟာ ၃၄ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူကတော့ ၁၆၆ ဦးရှိပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */