Thursday, February 28, 2019

Cox's Bazar ဒုက္ခသည်စခန်း ရိုဟင်ဂျာကလေးတွေ အရေး ကုလစိုးရိမ်

VOA
ဗွီအိုအေ (မြန်မာဌာန)
ဒေါ်ခင်မျိုးသက် ၊ 
28 ဖေဖော်ဝါရီ၊ 2019 
ဘင်္ဂလားဒေ့ရှ် နိုင်ငံ Cox’s Bazar က Balukhali ဒုက္ခသည်စခန်းက ရိုဟင်ဂျာဒုက္ခသည်ကလေးငယ်။ (ရိုက်တာ နိုဝင်ဘာ၊ ၁၅) 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ပိုင်း Cox’s Bazar က ဒုက္ခသည်စခန်းတွေမှာ နိုင်ငံမဲ့ ရိုဟင်ဂျာ ဒုက္ခသည် က လေးငယ် သန်းတဝက်လောက်ရှိနေပြီး သူတို့ရဲ့အနေထားက မျှော်လင့်ချက်ကင်းမဲ့ပြီး စိတ်ဓါတ်ကျဖို့ရာ သိပ်ကို လွယ်ကူစေတာကြောင့် ဒီကလေးငယ်တွေရဲ့အနာဂတ်ဟာ အတော်ကို စိုးရိမ်စရာ ကောင်းနေတယ် လို့ UNICEF ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ ကပြောပါတယ်။

၂၀၁၇ သြဂုတ်လနောက်ပိုင်း ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးခိုလှုံလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ ကမ္ဘာပေါ်က အကြီးဆုံး ဒုက္ခသည်စခန်းမှာ ကြပ်ကြပ်တည်းတည်းနဲ့ ၁၈ လကြာခဲ့ပြီး တဲ့ နောက် အဲဒီထဲက ကလေးငယ်တွေရဲ့အခြေနေကို UNICEF က စစ်တမ်းထုတ်ခဲ့တာပါ။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ နိုင်ငံတကာရဲ့လူသားချင်းစာနာမှု အကူညီတွေနဲ့ ရှင်သန်ရပ်တည်နေရတာဖြစ်ပြီး များပြားလှတဲ့ ကလေးငယ်တွေကို ကြည့်ရင် သူတို့အသက်တွေကိုကယ်နိုင် ခဲ့ပေမယ့် သူတို့အတွက် ရေရှည်ခိုင်မာတဲ့ အဖြေကို ရှာမပေးနိုင်ကြသေးပါဘူး။

ရိုဟင်ဂျာ အများစုဟာ မြန်မာနိုင်ငံထဲမှာ တရားဝင် မှတ်ပုံတင် မရှိတာနဲ့ နိုင်ငံသား မဟုတ်တာတွေကြောင့် သူတို့မွေးဖွားခဲ့တဲ့ ကလေးငယ်တွေမှာ မွေးစားရင်းတို့ တရားဝင် စာရွက်စာတမ်းတို့ မရှိတဲ့ အတွက် သူတို့ လေးတွေဟာ ဒုက္ခသည်အဖြစ်လည်း စာရင်းမဝင်ပါဘူး။ မြန်မာပြည်မှာ အခြေနေကောင်းလို့ ပြန်ခွင့်ရတဲ့ အချိန် အထိ ဒီကလေးငယ်တွေ ကတော့ နိုင်ငံမဲ့ကလေးတွေ ဖြစ်နေအုံးမှာပါ။ ဒါပေမယ့် ပုံမှန် ပညာရေး သင်ရိုးညွှန်းတန်းအတိုင်း သင်ယူခွင့်ရော၊ ဈေးကွက်ဝင် ကျွမ်းကျင်မှုရအောင်ပါ သူတို့ကို လုပ်ပေးရမယ်လို့ UNICEF ကပြောပါတယ်။

နိုင်ငံမဲ့အဖြစ် ကမ္ဘာက သတ်မှတ်ထားတဲ့ လူငယ်လူရွယ်နဲ့ ကလေးငယ်တွေ အတွက် သူတို့ဘဝကို ရိုးသားစွာ ရပ် တည်နိုင်ဖို့ လိုအပ်တဲ့ ကျွမ်းကျင်မှုတွေနဲ့ ပညာရေးပေးနိုင်ဖို့ နိုင်ငံတကာအသိုင်းဝိုင်းဘက်က အ များကြီး တာဝန်ယူရမယ်လို့ UNICEF အမှုဆောင် ဒါရိုက်တာ Henrietta Fore က အတွင်းရေး မှုးချုပ်ရဲ့ လူသားချင်းစာနာမှု ဆိုင်ရာ အထူးသံတမန် Dr. Al Meraikh နဲ့ အတူ ဖေဖော်ဝါရီ ၂၅၊ ၂၆ Cox’s Bazar ကို သွားခဲ့ပြီးတဲ့နောက်မှာ ပြောပါတယ်။

၂၀၁၈ ဒီဇင်ဘာ လေ့လာမှုပြီးချိန်မှာ ထုတ်ပြန်ချက်အရဆိုရင် Cox’s Bazar မှာ အသက် ၄ နှစ်ကနေ ၁၄ နှစ်အတွင်း ကလေးငယ် ၁၈၀,၀၀၀ စာသင်ကြားဖို့ စာရင်းပေးခဲ့ပါတယ်။ သူငယ်တန်းကနေ ၂ တန်းအဆင့် တက်ရောက်နိုင်သူက ရာခိုင်နှုန်း ၉၀ ကျော်နေပြီး၊ ၃တန်း၊ ၄ တန်းက ၄ ရာခိုင်နှုန်း နဲ့ ၆ တန်း၊ ၈ တန်းက ၃ ရာခိုင်နှုန်းရှိပါတယ်။ အသက်မွေးဝမ်းကျောင်း ပညာသင်နိုင်တဲ့ အသက် ၁၅ ကနေ ၂၄ နှစ်အရွယ်က ၃ ရာခိုင်နှုန်း ရှိတာပါ။

သူတို့လေးတွေအတွက် ကောင်းမွန်တဲ့ ပညာရေးကိုပေးမှ သူတို့ မြန်မာနိုင်ငံကို ပြန်နိုင်တဲ့ အချိန်မှာ မြန် မာလူမှုအသိုင်းဝိုင်း ပြန်လည်တည်ဆောက်ရေးအတွက် တစိတ်တပိုင်း ပါဝင်နိုင်မယ်လို့လည်း Dr. Al Meraikh ကပြောပါတယ်။

ဒီရိုဟင်ဂျာ ကလေးငယ်တွေ အနာဂတ်မှာ သူတို့ အသိုင်းအဝိုင်းအတွက်ရော ကမ္ဘာကြီးအတွက်ပါ အသုံး ဝင်တဲ့သူတွေ ဖြစ်လာစေဖို့ မှန်ကန်တဲ့ ရင်းနှီးမြှပ်နှံမှုတွေ လုပ်ရမယ်လို့ UNICEF အမှုဆောင် ဒါရိုက်တာ Henrietta Fore က ပြောပါတယ်။

“ဒီနေရာက စာသင်ပေးတဲ့နေရာပါ။ ရိုဟင်ဂျာကလေးငယ် အများအပြား ဒီမှာပဲ စာသင်ကြပါတယ်။ သူတို့ဟာသိပ် ဉာဏ်ကောင်းကြတယ်။ သင်ချင်စိတ်လည်း ရှိကြတယ်။ သူတို့ဟာ စိတ်အား သိပ်ထက်သန်တဲ့ အတွက် သူတို့ဟာ တကယ်ကိုမေ့မထားသင့်တဲ့ ကလေးတွေပါ။”

UNICEF က အသက် ၄ နှစ်ကနေ ၁၄ နှစ်အတွင်း ကလေးငယ်ပေါင်း ၁၅၅,၀၀၀ အတွက် အဆင့်မြင့် သင်ကြားမှှုတွေ အပါအဝင် သင်ကြားရေး အစီစဉ်တွေ ချမှတ်လုပ်ဆောင်နေပြီး၊ ၂၀၁၉ မှာတော့ လူရွယ် လူကြီးတွေ အတွက် အခြေခံကျွမ်းကျင်မှုနဲ့ စာရေး၊ စာဖတ်၊ အတွက်အချက်တွေ သင်ပေးဖို့ စီစဉ်နေပါတယ်။

“UNICEF က သူတို့ စရောက်တဲ့နေ့ ကတည်းက ရှိနေတာပါ။ သူတို့တွေရဲ့မိသားစု အများစုဟာ ဒီလိုစိတ် ပျက် စရာကောင်းတဲ့ ကြေကွဲစရာ အခြေနေနဲ့ နေနေကြရတာကို မြင်နိုင်ပါတယ်။ သူတို့နေရတာကလည်း ဝါးနဲ့ ပလပ်စတစ်နဲ့ ဆောက်ထားတဲ့ အိမ်ကလေးတွေပါ။”

ဘင်္ဂလားဒေ့ရှ် အခြေစိုက် UNICEF အဖွဲ့က ရိုဟင်ဂျာ ၇ သိန်းနီးပါးအတွက် ၂၀၁၉ အတွင်း အကူညီပေးဖို့ ဒေါ်လာ ၁၅၂ သန်း တောင်းခံထားတာ ဖြစ်ပြီး ဖေဖော်ဝါရီလ အထိတော့ တောင်းခံငွေရဲ့ ၂၉ရာခိုင်နှုန်း ပဲရ ပါသေးတယ်။

  
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */